Home
မြန်မာသတင်း
စစ်လေယာဉ်များအားပစ်ချရန် လေကြောင်းရန်ကာကွယ်ရေး လက်နက်တပ်ဆင်ထား၊ လာမည့်နှစ်ကို အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်ဟု NUG ကြေညာ
DVB
·
October 8, 2022

စစ်ကောင်စီလေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို နေရာတချို့မှာ တပ်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် တနှစ်ပြည့် အခြေအနေတွေကို ပြန်လည်သုံးသပ်တာနဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်းတွေကိုပြည်သူတွေကို ရှင်းလင်တင်ပြတဲ့အနေနဲ့   အောက်တိုဘာ ၇ ရက်က အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ပြည်သူတွေစိတ်ဝင်စားနေတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ NUG မှာ ရှိနေပြီလားဆိုတဲ့ မေးခွန်းအတွက် လက်နက်တချို့ရှိနေပြီဖြစ်သလို တပ်ဆင်ထားပြီးဖြစ်တယ်လို့ NUG တာဝန်ရှိသူတွေ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က "တိတိကျကျပြောရရင်တော့ ကျနော်တို့က ပြည်သူလူထုကို ကာကွယ်ရမယ့် အနေအထားလည်းရှိတယ်။ ထို့အတူပဲ ကျနော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက်ပစ္စည်းရှိသလားဆိုတော့ ရှိတာပေါ့ဗျာ။ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နေရာတွေမှာရှိသလဲဆိုတာတော့ နေရာတိုင်းမှာတော့ မရှိဘူး။ တချို့နေရာတွေမှာတော့ရှိတယ်။ အေးရှိလို့ အဲ့ဒီနေရာနဲ့လာတိုးရင်တော့ ကျနော်တို့ကတော့ ပစ်ချမှာပဲ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ လူထုကိုလေကြောင်းကနေလာပြီး ဒုက္ခပေးနေတယ်။ ဒါဟာ လူထုကိုအကာအကွယ်ပေးဖို့ဖြစ်တယ်ဆိုတာ ကျနော်တို့တိတိကျကျနားလည် ထားဖို့လိုတယ်။"

လေကြောင်းရန်ကာကွယ်နိုင်ဖို့ PROJECT DRAGONFLY စီမံချက်ကိုစတင်အ ကောင်အထည်ဖော်နေပြီး စနစ်တကျစီမံဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဩဂုတ် ၉ ရက်နေ့မှာ ကြေညာထားသလို Drone တွေနဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်လုပ်ဖို့ Project Sky Work ကိုလည်း စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလေယာဉ်တွေကို အခုအချိန်အထိ ပစ်ချနိုင်တာမရှိသေးတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြသလို အခုလို  လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ရှိတဲ့ အကြောင်း ထုတ်ဖော်ပြောကြားတဲ့အပေါ်မှာလည်း  ဝေဖန်နေကြတာဖြစ်ပါတယ်။ 

NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်ကတော့ NUG က လက်နက်တွေကို ပြည်ပကမှာယူတင်သွင်းထောက်ပံ့နေသလို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ နည်းပညာတွေလည်းရရှိထားတယ်လို့ ပြောပါတယ်။

"လေယာဉ်ပစ်လက်နက်ကြီးတွေဝယ်ဖို့ဆိုတာ ကမ္ဘာမှာ တရားဝင်ဝယ်ဖို့ဆိုတာ အားလုံ းသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကျနော်တို့မှာ ရဟတ်ယာဉ်လိုဟာမျိုးကို ပစ်ချနိုင်တဲ့လက်နက်မျိုးမရှိဘူးလား မေးလာကြတာရှိတယ်။ ကျနော်တို့မှာ ထိုက်သင့်တဲ့လက်နက်ကိရိယာ၊ ထိုက်သင့်တဲ့ တချို့နေရာတွေမှာ ပြင်ဆင်ထားပြီဆိုတာ ပြောကြားချင်ပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးပေါင်းစုံကနေ ကျနော်တို့လုပ်သွားမယ်။"

လက်တွေ့မြေပြင်မှာတော့  PDF တွေရဲ့  ဒရုန်းတွေကို စစ်ကောင်စီတပ်က အဆင့်မြင့်လက်နက်သုံးပြီး ပြန်လည်ပစ်ချဖျက်ဆီးနေတာကြောင့်  ရန်ပုံငွေအခက်အခဲရှိလာပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့ ၇ ဖွဲ့ ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ဆင်ရေးယာယီရပ်နားကြောင်း ကြေညာထားပါတယ်။ 

NUG က ဩဂုတ်လထဲမှာ စစ်ကိုင်းဒေသခံ ဒရုန်းတပ်ဖွဲ့ခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့ပြီး အကူအညီတွေပေးဖို့လည်း အတည်ပြုခဲ့တယ်လို့  မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တာဝန်ရှိသူ ဗိုလ်နဂါးကပြောပါတယ်။

"လေကြောင်းရန်နဲ့ပတ်သက်ပြီးတောင့်ခံဖို့ ကျနော် မစဉ်းစားချင်ဘူး။ ကျနော်တို့က နိုင်အောင်တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေ။ ကျနော်တို့က တောင့်ခံရုံဆိုတဲ့အဆင့်နဲ့ကို မကျေနပ်ဘူး။ စစ်ကောင်စီကလေကြောင်းကို အသုံးပြုပြီးစစ်ရေးကို အသာစီးယူနေတယ်။ ကျနော်တို့ကဒီလေကြောင်းကို ဘယ်လိုတုံ့ပြန်တိုက်ခိုက်မလဲဆိုတာပဲ စဉ်းစားချင်တယ်။ ဒါကလည်း သိပ်ခက်ခဲတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ကျနော်တို့မှာ အစိုးရရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရှိတယ်။ မြေပြင်မှာလည်း ထိုက်သင့်စွာစွမ်းဆောင်နိုင်တဲ့သူတွေရှိတယ်။ ကျနော်တို့ကတောင့်ခံဖို့ဆို တာထက် တုံ့ပြန်တိုက်ခိုက်ချေမှုန်းဖို့ ဆိုတာပဲ စဉ်းစားစေချင်တယ်။"

စစ်ကောင်စီဘက်ကလည်း စက်တင်ဘာလဆန်းပိုင်းကစပြီး ဒရုန်းပစ် အဆင့်မြင့်လက်နက်တွေကို ဝယ်ယူနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ အရေးကြီးတဲ့နေရာတွေမှာ Anti Drone Gun တွေ တပ်ဆင်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

NUG ဘက်က လက်နက်တွေဝယ်ပြီး PDF တွေကို ထောက်ပံ့နေသလို ကိုယ်ပိုင်ထုတ်လုပ်ဖို့ နည်းပညာတွေရထားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အခုလို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ပြီးခဲ့တဲ့ကာလဟာ လိုအပ်တဲ့ အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့ရတဲ့ ကာလဖြစ်ပြီး လာမယ့်တနှစ်တာကာလဟာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်အဖြစ်ခံယူထားတယ်လို့  အောက်တိုဘာ  ၇  ရက်က NUG က ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်တနှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံတင်ပြချက်မှာ ဖော်ပြထားပါတယ်။

ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံကနေ ဟန်ချက်ညီညီထိုးနှက်ကာ ထိုးစစ်ဆင်မယ့် စီမံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ချမှတ်ထားပြီးဖြစ်ကြောင်း လာမယ့် တနှစ်တာအရေးအကြီးဆုံးကာလကို ‘အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်’ အဖြစ် သန္နိဋ္ဌာန်ချမှတ်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး မလျှော့သောဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံပြီး တသံတည်းညီပြီး တချီတည်းရုန်းကြဖို့ အချိန်ကျပြီလို့လည်း NUG က တိုက်တွန်းထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024