
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အေအေတပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့နယ် ကြပ်စင်ကျွန်းဘက်မှာ မနေ့မွန်းလွဲ ၁၂ နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
“ကြပ်စင်တံတားနားက စစ်(...)တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်သလို ကျိန်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်(...)တွေနဲ့ ခမရ ၅၄၁ ဘက်က စစ်(...)တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်။”
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
မင်းပြားမြို့ ဒေသခံတယောက်က “လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ မြို့ပေါ်ကစျေးတွေ၊ စျေးဆိုင်တွေလည်း အားလုံးပိတ်ထားပြီး ဘေးလွတ်မယ်ထင်တဲ့ နေရာတွေမှာ ပုန်းခိုနေကြရတယ်။ ကြပ်စင်တံတားဘက်က စစ်(...)တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဖလောင်းပြင်ရွာမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူတွေဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် ဦးသောင်းမောင်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုအောင်ဝင်းတို့ ၂ ယောက်ကို ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်သံတွေကတော့ မွန်းလွဲ ၂ နာရီကျော်တဲ့အထိ ဆက်ကြားနေရပြီး အဲဒီ ကြပ်စင်တံတားဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲ မဖြစ်ပွားဘဲနဲ့လည်း နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်နေတာကြောင့် မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာ နဲ့ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။