
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာဘုန်းကြီးကျောင်းက သံဃာ ၃ ပါးနဲ့ ရွာသား ၅ ယောက်ကို အောက်တိုဘာ ၆ ရက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ရှမ်းရွာဒေသခံတယောက်က ပြောပါတယ်။
“မနေ့က ၃ နာရီဝန်းကျင်လောက်ရှိမယ်၊ ရွာထဲကို စစ်သားတွေ ရဲတွေ ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းက သံဃာ ၃ ပါးရယ်၊ ရွာထဲက ပြည်သူ ၅ ဦးရယ် ဖမ်းသွားတယ်။ ဘာအတွက်မှန်းမသိဘူး။”
ကန်ကြီးထောင့်မြို့နေ ပြည်သူတယောက်ကလည်း “စစ်သား၊ ရဲအင်အား ၂၀ က ဝင်ရောက်ပြီး သံဃာ ၃ ပါးနဲ့ ပြည်သူ ၅ ဦးကို ဝင်ရောက်ဖမ်းဆီးတယ်။ ဘာကြောင့် လာဖမ်းဆီးတာလည်း မသိရဘူး။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိဘူး၊ မတရားဖမ်းတာပါပဲ” လို့ ပြောပါတယ်။
ကန်ကြီးထောင့်မြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းထွဋ်အိမ်ကိုလည်း စစ်တပ်နဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးသွားပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံတွေက ဖေ့စ်ဘွတ်ခ်အကောင့်တွေကို စောင့်ကြည့်ပြီး စစ်အာဏာရှင်ဆန့်ကျင်တာနဲ့ပတ်သက်တဲ့ပို့စ်တွေမှာ like, comment ပေးသူတွေကို ဖမ်းဆီးပြီး ငွေတောင်းပြန်လွှတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။