DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပြဿ နာ ကြိုတင်ကာကွယ်ရန် အရေးပေါ်စင်တာဖွဲ့
DVB
·
May 1, 2014
ရခိုင်ပြည်နယ်ပြဿ     နာ ကြိုတင်ကာကွယ်ရန် အရေးပေါ်စင်တာဖွဲ့
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနိုင်ချေရှိတဲ့ ပြဿ နာကို ကြိုတင်ကာကွယ်နိုင်ဖို့ အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာကို အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပါဝင် ဖွဲ့စည်းထားတယ်လို့ သမ္မတဦး သိန်းစိန်က မေ ၁ ရက်နေ့ ရေဒီယိုကနေတဆင့် ပုံမှန် လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အလေး ထား ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း သမ္မတက တိုက်တွန်းသွားပါတယ်။

[caption id="attachment_55800" align="alignleft" width="300"]ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့စဉ်က ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့စဉ်က[/caption]သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီစင်တာကို ပြီးခဲ့တဲ့လ ရခိုင်ပဋိပက္ခအပြီးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ပဋိပက္ခအခြေအနေမှာ အလျင်အမြန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့တာလို့ ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ရခိုင်မှာ အဓိကတော့ မတ် ၂၆၊ ၂၇ မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တုန်းက ပြည်နယ်အစိုးရအနေနဲ့ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ နည်းနည်းလေး အထစ်အငေါ့တွေ၊ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းနေတာ ရှိတယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်မှာ နောက်ထပ် ပဋိပက္ခတွေ အရေးပေါ်အခြေအနေတွေ ဖြစ်လာလို့ရှိရင် ပိုပြီးတော့မှ လျင်လျင်မြန်မြန် ဆောင်ရွက် နိုင်အောင်လို့ ပြည်ထောင်စုအစိုးရဘက်ကနေ လိုအပ်တာတွေ မြန်မြန်ဆန်ဆန် ပံ့ပိုးပေးနိုင်အောင်လို့ ဖွဲ့ထားတာပါ။ အဓိကတော့ ရခိုင်ပါပဲ၊ ရခိုင်အတွက် ဖွဲ့ထားတာပါ။ လက်ရှိ လောလောဆယ် ဦးစားပေး ဆောင်ရွက်ပေးနေတာက ရခိုင်မှာ လုပ်ငန်းလုပ်နေတဲ့ အန်ဂျီအို၊ အိုင်အန်ဂျီအိုပေါ့လေ။ အဲဒီအဖွဲ့တွေကို လုံလုံခြုံခြုံနဲ့ လုပ်ငန်းပြန်စနိုင်အောင်လို့ ကျနော်တို့ ကြည့်ပေးနေတာ ရှိပါတယ်။ မြို့မိမြို့ဖတွေ ပါမယ်၊ ကျနော်တို့အဖွဲ့တွေ ပါမယ်၊ သူတို့ အိုင်အန်ဂျီအို အဖွဲ့တွေပါမယ်၊ ပြီးရင် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကျနော်တို့ဘက်က ဖြည့်ဆည်းပေးရမယ့်ဟာ အဲဒါမျိုးတွေ ပေါင်းစပ်ညှိနှိုင်းတာပေါ့။”

ဒီအဖွဲ့မှာ ခေါင်းဆောင်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးပိုက်ထွေး စသူတို့နဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ နဲ့ ၂၇ ရက်နေ့တွေက အိုင်အန်ဂျီအို အမျိုးသမီးဝန်ထမ်းတဦးက သာသနာအလံကို မဖွယ်မရာလုပ်ခဲ့တယ်ဆိုတဲ့ကောလာဟလ သတင်းတွေကို အကြောင်းပြုပြီး စစ်တွေမြို့မှာ အိုင်အန်ဂျီအိုရုံးတွေကို လူစုလူဝေးနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့လို့ အန်ဂျီအိုဝန်ထမ်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ လူနေအိမ်တွေ၊ မော်တော်ယာဉ်နဲ့ စားနပ်ရိက္ခာ ဂိုဒေါင်နဲ့ ပစ္စည်းတွေ ဆုံးရှုံးပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူစုခွဲဖို့ ကြိုးစားမှုအတွင်း အသက် ၁၃ နှစ်အရွယ် မြို့ခံ မိန်းကလေးငယ်လည်း ကျည်ဆန်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေဟာ လက်ခံလို့ မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီး လူတချို့က ဥပဒေကို ချိုးဖောက်လုပ်ဆောင်ခဲ့တဲ့အတွက် လက်သင့်မခံဘဲ ဥပဒေနဲ့အညီ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဒီကနေ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013