DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေရောင်းချပေးမည်ဟုကြေညာပြီးနောက် ရွှေဈေးကျ
DVB
·
October 7, 2022
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေရောင်းချပေးမည်ဟုကြေညာပြီးနောက် ရွှေဈေးကျ
Donate to DVB

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက လူတဦးကို ရွှေချိန်  ၁၀ ကျပ်သားနှုန်း ရောင်းချပေးမယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် ဈေးကွက်ထဲမှ ရွှေဈေးက ကျသွားပြီး ထုတ်ရောင်းသူတွေ ရှိလာတယ်လို့ ရွှေဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အဆိုပါအသင်းက အောက်တိုဘာ ၇ ရက် ဒီနေ့မွန်းလွဲပိုင်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်း ၄ သောင်း ကျပ် သတ်မှတ်ပြီး လူတဦးကို အလေးချိန် တဆယ် ကျပ်သားရှိ အကယ်ဒမီ(မီးလင်း) အခေါက်ရွှေ တပိုင်းနှုန်းနဲံ ရောင်းချပေးနေတာပါ။ ရောင်းချပေးမယ့် ရွှေချိန်က စုစုပေါင်း ၇ ပိဿာ ရှိမှာဖြစ်ပြီး အသင်းဝင် တွေကိုတော့ ရောင်းချပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုလိုကြေညာပြီးတဲ့နောက် ရန်ကုန်ရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း) ရွှေဈေးက ယခုရက်သတ္တပတ်အတွင်းမှာ တကျပ်သားကို ကျပ် ၂၇ သိန်းနီးပါး ရှိခဲ့ရာကနေ မနေ့က ကျပ် ၂၆ သိန်း ၃ သောင်း နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တကျပ်သားကို ကျပ် ၂၅ သိန်း ၈ သောင်းအထိ ဈေးကျလာပြီး အရောင်းအဝယ် ရှိနေပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “ဝယ်လို့ မရဘူး ဆိုရင်သာ လူတွေက လိုက်ဝယ်ကြတာ။ ဝယ်လို့ ရပြီ ဆိုရင် အဲ့ဒီ့ လိုက်ဝယ်နေတဲ့ သူတွေ အကုန်လုံးက ပြန်ရောင်းကြတာပဲနော်။ ဘာလို့လဲဆို သူတို့က ဒီရွှေကြီးကို မဖြစ်မနေ လိုက်ဝယ်ရမယ်ဆိုတဲ့ သူတွေမှ မဟုတ်တာ။ ဥပမာ ပန်းတိမ်သမား ဆိုရင်တော့ ထားပါတော့။ သူတို့က မဝယ် မဖြစ် ဝယ်ရမယ့် သူတွေလေ။ ငွေပိုနေတဲ့ သူတွေ ဝင်ကစားချင်တဲ့ သူတွေကသာ အဲ့လိုလုပ်နေကြတာ။ အမှန်အတိုင်းပြောရရင် အဲ့လူတွေက မြတ်ရင် ပြန်ရောင်းမယ်ဆိုတဲ့ လှိုင်းစီးချင်တဲ့ သူတွေပေါ့။ သူတို့က ဝင်ကစားနေကြတာလေ။ အခုတော့ သူတို့ ကိုယ်တိုင် ပြန်ရောင်းလာကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ရွှေဈေးကွက်မှာ လက်ရှိအရောင်းအဝယ်အခြေအနေက ဝယ်သူနဲ့ရောင်းသူတို့အကြားမှာ မျှခြေ ရှိနေတာကြောင့် ရွှေဈေးက အတက်အကျ မကြမ်းပဲ ဈေးငြိမ်နေဖို့ အလားအလာ ရှိမယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားပါ တယ်။

“ဈေးကွက်သဘောအရ အရောင်းများရင် ဈေးကျမယ်၊ အဝယ်များရင် ဈေးတက်မယ်။ ဒါက သူ့သဘာဝပဲ။ ဒါပေမဲ့ အခုအချိန်က သီတင်းကျွတ်ကာလရောက်ခါနီးဆိုတော့ ရွှေဆိုင်တွေမှာဆိုရင် ဘာတွေ့ရလဲဆိုရင် လက်ဝတ်လက်စား လေးတွေ ပြန်ပြီး အဝယ်ရှိလာတာ တွေ့ရတယ်။ ပြီးတော့ supply side ကကြည့်ရင်လည်း ရွှေတူးဖော်ရေး မိုင်းတွေဖက်က ရွှေအထွက် နည်းနည်း ရှိလာတဲ့အတွက် ဈေးကွက်ထဲကို ဝင်လာတာတွေ ရှိလာတယ်။ တခါ ပဲ၊နှမ်း လှောင်ကုန်သမားတွေ ကလည်း အရင်က သူတို့ ဝယ်ထားတဲ့ ရွှေတွေကို ပြန်ထုတ်ကြပြီး ပဲ၊နှမ်း လှောင်ကုန်တွေဖက်ကို ပြန်လှည့်လာကြတယ်။ ဒီတော့ ထွက်တဲ့ ရွှေ နဲ့ ဒီဖက်မှာ အဝယ်က မျှနေတယ်။ ဒါပေမဲ့ တခုတော့ ရှိတယ်။ ဘာလဲဆိုရင် ကမ္ဘာ့ရွှေဈေးက ရုတ်ချည်း မြှင့်တက်သွားတာ ဒါမှမဟုတ် တခြား ပယောဂ အကြောင်းတခုခုကြောင့်သာ ရွှေဈေးက အပြောင်းအလဲ ဖြစ်နိုင်မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ပြည်တွင်း ရွှေဈေးက အတက်အကျ မကြမ်းပဲ ဈေးငြိမ်နေမယ့် သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာ ရှိပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခြေခံရည်ညွှန်း ရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၂၀ နဲ့ ၅ ထောင် သတ်မှတ်ပေးထားပါတယ်။

အလားတူ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တဒေါ်လာ တန်ဖိုးက မြန်မာငွေ ၂၉၀၀ ကျပ် စွန်းစွန်းနဲ့ အရောင်းအဝယ် ရှိနေပြီး ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013