DVB Logo
Home
မြန်မာသတင်း
မောင်တောသို့ စစ်ကောင်စီတပ်က အင်အား ၆၀၀ ခန့် ထပ်တိုးချ
DVB
·
October 7, 2022
မောင်တောသို့ စစ်ကောင်စီတပ်က  အင်အား ၆၀၀ ခန့် ထပ်တိုးချ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက နောက်ထပ် စစ်အင်အား ၆၀၀ လောက် တိုးချလာနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြပါတယ်။

မောင်တောမြို့ခံတယောက်က “ နေ့လယ်ပိုင်းမှာ စစ်ဇက်ရေယာဥ်နဲ့ စစ်အင်အား ၆၀၀ ကျော် ကညင်ချောင်းစီးပွားရေးဇုန်ကနေ အင်အားဖြည့်လာတယ်။ ၃၀၀ လောက်က မောင်တောမြို့ သီရိမင်္ဂလာခန်းမမှာ နေရာယူထားတယ်။ ကျန် ၃၀၀ ကျော်က နခခ ၅ မြို့သူကြီးစခန်းကို အင်အားဖြည့်တယ်။ ဒေသခံတွေကတော့ စိုရိမ်ကြမှာပေါ့။ လမ်းတွေလည်း ပိတ်ထားတော့ သွားလာဖို့က အဆင်မပြေ၊ စားနပ်ရိက္ခာက စျေးတက်၊ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက်က ကညင်ချောင်း စီးပွားရေးဇုန်မှ ကစ္ဆပနဒီ ၁ နဲ့ ကစ္ဆပနဒီ ၃ သင်္ဘော ၂ စီးနဲ့ စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်တင်းခဲ့ပြီး အခုတဖန် စစ်ဇက်ရေယာဥ်နဲ့ နတ်မြတ်ဝမှတဆင့် မော်တော်ဘုတ်တွေနဲ့ ကညင်ချောင်း စီးပွားရေးဇုန်မှ ထပ်မံအင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း မောင်တော ၄ မိုင် လမ်းတလျှောက်မှာ မနက်ရော ညပါ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်နေပြီး မောင်တောမြို့ပေါ်ရှိ လူမှုကူညီရေး ပရဟိတသမားတွေကို ဖမ်းဆီးဖို့ လိုက်ရှာနေတာကြောင့် ပရဟိတသမားတချို့လည်း တိမ်းရှောင်ထွက်‌‌ပြေးနေတယ်လို့ မောင်တောဒေသ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ပညာရေးမှူး ဓားထိုးခံရပြီးကတည်းက မောင်တောကနေ ၄ မိုင်သွားလမ်းမှာ မြို့ဝင် စစ်ဆေးရေးဂိတ်က စစ်‌သလို နခခ ၅ မြို့သူကြီးကလည်း စစ်ဆေးတယ်။ ၃ မိုင်မှာလည်း စစ်တယ်။ စစ်ဆေးတာတွေက ပြဿနာမရှိဘူး။ သူတို့ပစ်မှတ်ထားလာ‌နေတာ ပရဟိတသမားတွေ ဖြစ်လာနေတယ်။ ဘူးသီးတောင်မှာ အိမ်တွေကို ညသန်းခေါင်ကျော်မှာ လာစစ်တယ်။ ကျောက်တော်၊ မြောက်ဦးတို့မှာ ပရဟိတသမားတွေကို ဖမ်းဆီးတယ်။ ဒါကြောင့် မောင်တောက ပရဟိတသမားတချို့ကတော့ ရှောင်တိမ်းနေကြရတယ်။”

မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက်က ကစ္ဆပနဒီ သင်္ဘော ၂ စီးနဲ့ ရေကြောင်းမှ စစ်ကူရောက်လာတဲ့ တပ်မ ၇၇ က စစ်အင်အား ၆၀၀ ကျော်ဟာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေအတွင်း အေအေ တပ်ဖွဲ့ဝင်တွေ နေထိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေတာပါ။

အခုတခါ စစ်ဇက်ရေယာဥ်နဲ့ စစ်အင်အား ၆၀၀ လောက် ထပ်တိုးချလာနေတဲ့အတွက် နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို မောင်တောဒေသခံတွေ အထူးစိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013