DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်ကောင်စီရေယာဉ်၊ ကွန်တိန်နာယာဉ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
October 7, 2022
စစ်ကိုင်းတွင် စစ်ကောင်စီရေယာဉ်၊ ကွန်တိန်နာယာဉ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ် အထက်ပိုင်းကို ဆန်တက်နေတဲ့ စစ်ကောင်စီရေယာဉ်တွေကို အောက်တိုဘာ ၇ ရက် မနက် ၇ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်‌ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီ ရေယာဉ် ၁၃ စီးဟာ စစ်ကောင်စီတပ်အတွက် လေယာဉ်ဆီ၊ လက်နက်နဲ့ စားနပ်ရိက္ခာ‌‌တွေ တင်ဆောင်ပြီး အောက်တိုဘာ ၆ ရက် မနက်ခင်းက ကနီမြို့ကနေ စတင်ထွက်ခွာခဲ့တာလို့ သိရပါတယ်။

KLG PDF (ကျောက်လုံးကြီးအဖွဲ့)  ခေါင်းဆောင်က “တိုက်ပွဲကတော့ စစ်(--)တွေ ထွက်လာကတည်းက ကျနော်တို့ ကနီတော်လှန်ရေး အင်အားစုတွေ ပစ်နေကြတာပါပဲ။ စစ်(--)အသေကတော့ အတိအကျမသိဘူး။ ဒီနေ့လည်း ပစ်ခတ်တာတွေ နေရာစုံကနေ ပစ်ခတ်နေကြတယ်။ အဓိကကတော့ မြွေပိုင်းတောင်၊ ကြောင်မျှော်တောင်ကနေ ပစ်ခတ်နေကြတယ်။ လောလောဆယ်တော့ ကျနော်တို့အဖွဲ့ကပစ်တာ စစ်(--) ၅ ကောင် သေအောင် စနိုက်ပါနဲ့ ပစ်နိုင်ခဲ့တယ်။ ကျနော်တို့အဖွဲ့ဘက်ကတော့ အကျအဆုံး တဦးတယောက်မှ မရှိခဲဘူး” လို့ ပြောပါတယ်။

အခုပစ်ခတ်တာတွေကို မြွေပိုင်းတောင်အဖွဲ၊ KLG PDF (ကျောက်လုံးကြီး) အဖွဲ့နဲ့ ဒေသခံ Local ပကဖတွေ ပူးပေါင်းပြီး နေရာစုံကနေ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းမှာ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထောက်ပို့ ကွန်တိန်နာယာဥ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကွန်တိန်နာကားတွေဟာ စစ်ကိုင်းကနေ မုံရွာဘက်ကို ထွက်ခွာလာတာဖြစ်ပြီး မြင်းမူမြို့နယ်တွင်းက ကန်ဖျားဇရပ်ကျေးရွာအနီးမှာ တကြိမ်၊ အလ္လကပ္ပကျေးရွာအလွန်မှာ တကြိမ်နဲ့ ချောင်းဦးမြို့နယ်မှာတကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒေသတော်လှန်ရေးအဖွဲ့ Moe Nyo Revolution Force မှ တာဝန်ရှိသူတယောက်က “ကန်ဖျားဇရပ်ကျေးရွာအနီး ရောက်လာတဲ့ ကွန်တိန်နာကား ၄ စီးကို အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ၃ စင်းမြောက်ကား ခေါင်းပိုင်းကို ထိမှန်ခဲ့တယ်။ လောလောဆယ် အထိအခိုက် အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းဆဲပါ” လို့ ပြောပါတယ်။

ဒါ့အပြင် အလ္လကပ္ပကျေးရွာ အလွန်မှာလည်း ထောက်ပို့ကွန်တိန်နာယာဉ်တန်း ၆ စီးကို ဒေသကာကွယ်ရေး ပူးပါင်းအဖွဲ့တွေက နှစ်ဆင့်ကွဲမိုင်း ၁ လုံးနဲ့ တလုံးမိုင်း ၂ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ၂ စင်းမြောက်ကားကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ချောင်းဦးမြို့နယ်အရောက်မှာလည်း ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခံရပြီး ကွန်တိန်နာကား ၂ စီး ထိမှန်သွားတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (CRA) မှ တာဝန်ရှိသူတယောက်က “ပဒေသာမိုင်းဆွဲတာ ပထမကားနဲ့ ဒုတိယကားကို ထိသွားတယ်။ အဲ့ဒီမှာ ရန်သူ့အဖွဲ့က ကင်းပုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ရပါသေးတယ်။ လက်နက်အင်အားမမျှလို့ ပြန်ဆုတ်လာခဲ့တာပါ။ ရန်သူဘက်က အထိအခိုက် အသေအပျောက် ရှိပါတယ်။ အသေးစိတ်ကို စုံစမ်းနေဆဲပါ။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

ထောက်ပို့ကွန်တိန်နာကားတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

မန္တလေး-မုံရွာလမ်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ကင်းပုန်းဝပ် စောင့်ကြည့် တိုက်ခိုက်တာတွေနဲ့ ဒရုန်းနဲ့ ထောက်လှမ်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာတော့  အင်္ကုက္ကားရွာက ပျူစောထီးတပ်ကို အောက်တိုဘာ ၆ ရက် ည ၉ နာရီလောက်က လက်နက်ကြီး ရှော့ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

အခုလိုပစ်ခတ်တာဟာ အဆိုပါကျေးရွာက ပျူစောထီးတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံကျေးရွာတွေက ပြည်သူတွေအပေါ် အနိုင်ကျင့် ဆက်ကြေးကောက်ခံတာတွေ၊ လုယက်ဓားပြတိုက်တာတွေ လုပ်ဆောင်နေလို့ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည် ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပျူစောထီးလုပ်နေတဲ့ ရွာကို ဒေသခံ ကာကွယ်ရေး၊ လုံခြုံရေးတွေ အကူအညီနဲ့ တန့်ဆည်ပကဖက လျှော့ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပျူစောထီးတွေရဲ့ အထိအခိုက်ကျဆုံးကတော့ လတ်တလော မသိရသေးဘူး။ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ အားကောင်းသလို စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက်၊ လူသတ်၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013