
ရန်ကုန်တိုင်း၊ ခရမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်က ၄၀ မမလောင်ချာနဲ့ လေးကြိမ်တိုင် ပစ်ခတ်ခဲ့တယ်လို့ Khayan PDF ကပြောပါတယ်။
ခရမ်းမြို့နယ် ၂ ရပ်ကွက်၊ ဘုရားလမ်းရှိ ထွေအုပ်ရုံးနဲ့ စုပေါင်းစစ်ဆေးရေးဂိတ်တွေကို ဒီကနေ့ မနက် ၁၀ နာရီကျော်က ပစ်ခတ်ခဲ့တာဖြစ်ပြီး လူတွေထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
“ထွေအုပ်ရုံးက နှစ်ကြိမ်အပစ်ခံရတာ၊ အတော်လေး ပျက်စီးသွားတယ်ကြားတယ်။ ဝန်ထမ်းတွေ ထိမထိတော့ မသိဘူး။ အရှေ့ရော အနောက်ရော အပစ်ခံရတာ စစ်ဆေးရေးဂိတ်လည်း အပစ်ခံရတယ်။ စစ်သားတွေရှုပ်နေတော့ သေတာ၊ ဒဏ်ရာရတာ မေးလို့မရဘူး။”
ခရမ်းမြို့နယ်ရှိ ထွေအုပ်ရုံး၊ မြို့နယ်အားကစားခန်းမ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွေကို ၄၀ မမနဲ့ လေးကြိမ်တိုင် ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လတ်တလော ထွေအုပ်ရုံးနဲ့ စုပေါင်းရုံး၊ မြို့နယ်ခန်းမ စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Khayan PDF အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ခရမ်းမြို့နယ် ထွေအုပ်ရုံးကို Khayan PDF က ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီကနေ့မနက်ပိုင်းကလည်း စစ်တပ်ပိုင်ဆိုင်တဲ့ မင်္ဂလာဒုံမြို့နယ် တပ်မတော် ပျဉ်းမပင် နို့ချက်စက်ရုံမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စက်ရုံလုံခြုံရေးဝန်ထမ်းတယောက် သေဆုံးခဲ့ပါသေးတယ်။