Home
ဆောင်းပါး
အခွင့်ထူးခံနှင်းဆီခိုင်မှသည် တန်ဖိုးမဲ့ သုညတ စစ်ဗိုလ်စစ်သားဘဝ
DVB
·
October 7, 2022

စစ်တပ်ခေတ် ကုန်သွားတာကြာပြီလို့ ဆိုင်းမဆင့် ဗုံမဆင့် ဒီဆောင်းပါးကို အစပျိုးလိုက်ရင် စာဖတ်သူအချို့က စောဒကတက်ချင်ပါလိမ့်မယ်။ မင်းနှယ့်ကွာ အကြမ်းဖက်တပ်က ပြည်သူ‌လူထုကို သတ်ဖြတ်ရမ်းကားနေဆဲ၊ ဖျက်ဆီးနေဆဲ၊ မင်းအောင်လှိုင်တို့ ထန်တလန်၊ မင်းတပ် ပလက်ဝစတဲ့ ချင်းပြည်နယ်က မြို့တွေကို အကြိမ် ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာကိုဘဲ ချင်းပြည်နယ်အပေါ် သူ တာဝန်မကျေသေးဘူး ဝဥ နွားနောက်တွေပြောပြီး ချင်းပြည်နယ်ကို စက်မှုဇုန်ထောင်ပေးမယ် ဘာညာနဲ့ အခြေအမြစ်မရှိ ပေါက်လွှတ်ပဲစား ပြောနေ‌နိုင်သေးတာကိုးလို့ ဆိုချင်မှာသိပါတယ်။

စာရေးသူအမြင်ကတော့ အများပြည်သူက စွန့်ခွာပြီး ဘက်ပေါင်းစုံက ဆန့်ကျင်ခြင်းခံရတဲ့ အကြမ်းဖက်စစ်တပ်ဟာ သေကွင်းသေကွက်တွေမှာ ဒဏ်ရာဗရပွနဲ့ သွေးရူးသွေးတမ်း အော်ဟစ် ရုန်းကန်နေတဲ့ ခြင်္သေ့အိုတကောင်ပမာပါပဲ။

တချိန်တခါတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗြိတိသျှနယ်ချဲ့နဲ့ဖက်ဆစ်ဂျပန်ကို ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စစ်တပ်ဖြစ်ခဲ့ဖူးတာ၊ အခုတော့ ပုံပြင်တပုဒ် ဖြစ်သွားခဲ့ရပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့နောက် စစ်တပ်ဟာ ပထွေးဆိုး လူယုတ်မာ ဗိုလ်နေဝင်း လက်အောက်ရောက်ခဲ့ရာက ပြည်သူရင်ထဲက နှင်းဆီခိုင် မဟုတ်တော့ဘဲ အခွင့်ထူးခံခွင့်နဲ့ ဂုဏ်ပကာသနမက်မောတဲ့ လူမသူတော်အတန်းစားတွေကြားမှာ ရေပန်းစားတော့တာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ သီလပျက် စစ်ဗိုလ်ယုတ်‌နေဝင်း ဦးဆောင်လို့ စစ်အာဏာသိမ်းက‌နေစပြီး နိုင်ငံပိုင် ပုဂ္ဂိလပိုင်လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့‌ ခေါင်းစဥ်‌အောက်မှာ စစ်တပ်ကို စီးပွားရေး လုပ်ခွင့်ပေး၊ အရပ်ဘက်အုပ်ချုပ်ရေး ပါတီကောင်စီတွေမှာ စစ်ဗိုလ်တွေ အစားသွင်း၊ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေဆီ မိုးကျရွှေကိုယ် စစ်ဗိုလ်တွေလွှတ်ပြီး စစ်အခွင့်ထူးခံ လူတန်းစားတရပ်ကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီမှာ စစ်အခွင့်ထူးခံလူတန်းစားကို ကိုးကွယ်တဲ့သူတွေက စစ်တပ်အသိုင်းအဝိုင်းကို ကပ်ရပ်လာကြတော့တာပဲ မဟုတ်လား။ အမျိုးသမီးတွေကလည်း အိမ်ထောင်ဖက်ရှာတဲ့အခါ ဘဝအာမခံချက်ရှိ၊ အခွင့်ထူးခံကြီးပွားခွင့်ကို ခုံမင်ကြတော့ စစ်ဗိုလ်ဆိုတာ ဆရာဝန်၊ အင်ဂျင်နီယာများထက်တောင် ဈေးကောင်းတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရတာပေါ့။ 

ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့ စစ်ဗိုလ်ယုတ်တွေခေတ်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် စစ်ဗိုလ်စစ်သားနဲ့ တန်ဖိုးချင်းက နံ့သာဆီနဲ့ အီးပမာ ကွာခြားလှပါတယ်။ နိုင်ငံတော်ဘဏ္ဍာနဲ့ ပြည်သူပိုင်ပစ္စည်း‌တွေနဲ့ ကြီးပွားချမ်းသာခွင့် အခွင့်ထူးခံခွင့် သူခိုးလိုင်စင်ပေးထားလို့ မတရားနည်းနဲ့ ဘယ်လိုရရ ချမ်းသာခွင့်ရဖို့သာ အဓိကဆိုတဲ့ ငွေမက်ဂုဏ်မက်သူတွေရဲ့ မစင်လူးတဲ့ နှင်းဆီခိုင်သာ ဖြစ်ပါတယ်။ 

တချို့များဆို ဘီးခွန် လမ်းခွန် မကောက်ရဲအောင် စစ်ဗိုလ်ဆောင်း  ဦးထုပ်ကို ကားခေါင်းခန်းထဲ ထည့်ထား၊ ဧည့်စာရင်း လာမစစ်ရဲအောင် အိမ်ရှေ့မှာ ဗိုလ်ကြီး ဗိုလ်မှူးဘယ်သူ စတဲ့ ဆိုင်းဘုတ် ချိတ်လာကြတာကိုး။ စစ်တပ်အသိုင်းအဝိုင်းနဲ့ အမျိုးတော်ချင်သူတွေကလည်း စစ်တပ်ကလည်း မရှား၊ ဘယ်ဗိုလ်မှူးကြီးနဲ့ အမျိုးတော်ပါတယ်လို့ ပြောရမှာကို မရှက် မကြောက်ကြတော့တာ အားလုံး အသိပါ။ အမှန်ကတော့ အသိတရားနည်းပါးတဲ့ လူ့သဘောသဘာဝကိုယ်က မိုးခါးရေ သောက်တတ်ကြတဲ့ သဘာဝကိုး။ လူလည်လူနပ်တွေက စစ်ဗိုလ်တွေနဲ့ ပေါင်းစား၊ စစ်ဗိုလ်တွေကို အကျိုးမျှော်ကိုးပြီး နေရာပေးကြ၊ ကပ်မြောင်အခွင့်ထူးခံခဲ့ကြတာကိုး။

အခုနောက်ဆုံး အာဏာဓားပြ မင်းအောင်လှိုင်လက်ထက်မှာတော့ စစ်ဗိုလ်ခေတ် ကုန်သွားတဲ့ အခြေအနေက ဗြုန်းစားကြီးရောက်လာခဲ့တော့ဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ စစ်မိစ္ဆာ မင်းအောင်လှိုင်ဟာ အာဏာလုယူခဲ့တုန်းက အထူးကွပ်ကဲရေး Special Command ကို ဖွဲ့စည်းခဲ့ပြီး မြို့ပြဒေသ‌တွေမှာ တပ်များဖြန့်ကြက်ချထားတာ၊ လက်နက်မဲ့အရပ်သားတွေကို သေစေတဲ့အထိ ပစ်ခတ်ဖြိုခွင်းဖို့ စီမံလုပ်ဆောင်အမိန့်ပေးခဲ့လို့ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ “အထူးကွပ်ကဲရေးဌာနချုပ်” ကို ထိပ်တန်းဗိုလ်ချုပ်ကြီး လေးဦးက တာဝန်ယူ ညွှန်ကြားခဲ့ပြီး သူတို့ လေးဦးကလွဲလို့ တခြား ဘယ်သူ တဦးတယောက်ရဲ့ အမိန့်ကိုမှ နာခံစရာမလိုဘူးလို့ ဆိုပါတယ်။

အဲဒီပြည်သူသတ် အထူးတပ်ဖွဲ့လက်အောက်ခံ အရာရှိ၊ အကြပ် တပ်သား‌တွေကို လူထုကို ဘယ်လို နှိမ်နှင်းရမယ် ဆိုတဲ့ လက်စွဲစာအုပ် “Fieldcraft” ကိုပင် ဝေငှခဲ့ပြီး အဲဒီအထဲမှာ ပြည်သူတွေအ ကြောက်တရားများ စိမ့်ဝင်လာစေ‌အောင် စနိုက်ပါသေနတ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ရမယ် ဆိုတာလည်း ပါပါသတဲ့။

၂၀၂၁ ခုနှစ် ဖေဖော််ဝါရီလ ၁ ရက်နေ့မှာ ပြည်သူလူထု ဆန္ဒမဲတွေကို မဲလိမ်တယ်လို့ မဟုတ်တမ်းတရား စွပ်စွဲပြီး ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဆီက နိုင်ငံတော်အာဏာကို လုယူပြီး မတရားမှုကို လက်မခံကြတဲ့ လက်နက်မဲ့ဆန္ဒပြပြည်သူတွေကို ခေါင်းကိုမှန်အောင်ပစ်ခဲ့တဲ့ ကျည်ဆန်ဟာ စစ်တပ်ခေတ်ကို ပြည်ဖုံးကားချလိုက်ဖို့ အချက်ပေး ခလုတ်ကို ပြုတ်ကျစေခဲ့တာပါပဲ။

အဲဒီအချိန်ကစပြီး အခွင့်ထူးခံစစ်တပ်ဟာ မစင်လူးတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကနေ တန်ဖိုးမဲ့ဘဝ သုညအောက်အထိ ကျလို့ အသက်ဘဝ မလုံခြုံ‌တော့တဲ့ အာဏာရှင်လက်ပါးစေ စစ်ဗိုလ် စစ်သားများဟာ ပြည်သူ့ရန်သူဘဝ လုံးလုံးလျားလျား ရောက်ခဲ့တော့တာပါပဲ။ 

ပြည်သူက လက်မခံတော့ဘဲ့ စွန့်ပစ်ခံရရုံတင်သာမက အရပ်ထဲရွာထဲ ပြည်သူကြားက လက်ဖက်ရည်ဆိုင် ထိုင်၊ ဈေးဝယ်ထွက်တဲ့ စစ်သားရဲသားတွေ၊ မိဘအိမ်ပြန်တဲ့ လူထုကို သတ်ဖြတ်အနိုင်ကျင့်တဲ့ အာဏာရှင်လက်ပါး‌စေ စစ်ဗိုလ် စစ်သားတွေကို ရှင်းလင်းသတ်ဖြတ်ခံရတဲ့ သတင်းတွေ မကြာခဏ ကြားလာခဲ့ရပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ ကံ့ကော်တောဘုရားအနီးမှာ  မနက်ပိုင်းက ဈေးလာဝယ်တဲ့ စစ်ကောင်စီ တပ်သားတဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောတဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ 

အခုနောက်ဆုံး စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်က ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဆရာရင်း ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သူ့သမက် ဗိုလ်ကြီးဟောင်း ရဲတေဇတို့ကို ရန်ကုန်မြို့ လှိုင်မြို့နယ် (၁၂) ရပ်ကွက်အတွင်းရှိ သူ့နေအိမ်အတွင်း  မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ Inya Urban Force က ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တဲ့ သတင်းကို တနိုင်ငံလုံး ဟိုးလေးတကြော် ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတင် ယခုလ စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပစ်ခတ်မှု ၄၂ ကြိမ် ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်ချုပ်အုန်းသွင် အပါအဝင် ၁၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အငြိမ်းစား စစ်အရာရှိတွေအနေနဲ့ လုံခြုံမှုမရှိ‌တော့အတွက် နေပြည်တော်ကို ပြောင်းရွှေ့နေကြပါတယ်။ 

စစ်မှုထမ်းဟောင်း အိမ်တွေက ဗိုလ်မှူးကြီး ဘယ်သူ ဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေ အိမ်ရှေ့ မတပ်‌ရဲတော့သလို ပြည်သူတွေကြားမှာ စစ်အသိုင်းအဝိုင်းက ဆိုတာကို ထုတ်ဖော်မပြောရဲ၊ မကြွားဝါရဲတော့သလို အိမ်ခြံစည်းရိုးတွေ အမြင့်ကြီးတွေ၊ ဆူးလေကြိုးတွေပတ်၊ CCTV တွေ ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် ထောင်ချကြရတဲ့ဘဝတွေ ရောက်ကုန်ပါပြီ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်တပ်ခေတ် ကုန်သွားပါပြီ။ စစ်အခွင့်ထူးခံစနစ် ခေတ်ကောင်းစဥ်တုန်းက ပျိုတိုင်းကြိုက် သူခိုး မစင်လူးတဲ့ နှင်းဆီခိုင်‌တွေရဲ့ ဘဝဟာ လောဘရမ္မက်ကြီးပြီး အာဏာရူးတဲ့ မင်း‌အောင်လှိုင် ရမ်းကားယုတ်မာစွာ တိုင်းပြည်ကို ဖျက်ဆီးရာမှာ အလိုတူအလိုပါ မိုက်မဲခဲ့ကြတာကြောင့် ပြည်သူ မုန်းတီးရွံရှာသွားတာမို့ တန်ဖိုးမဲ့ဘဝမှာ သုညအောက်အထိကျလို့ သမိုင်းဆိုးတွင်ရစ်တဲ့ စစ်တပ်ထဲက စစ်ဗိုလ် စစ်သားများဟာ အာဏာရှင်လက်ပါးစေ ဖြစ်နေသရွေ့ အာဏာရှင်ဘက် သေနတ်ပြောင်း မလှည့်သရွေ့ နောက်‌ကျောမလုံ၊ အသက်ဘဝ မလုံခြုံ‌တော့တဲ့ အခြေအ‌နေဆိုက်နေရပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024