Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက NUG ကျောင်းများတွင် ကတုတ်ကျင်းများတူးပြီး စာသင်နေရ
DVB
·
October 7, 2022

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းထဲက မိဘတွေဟာ သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်စိတ်တွေ ကြီးလာနေပါတယ်။

NUG အစိုးရနဲ့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ကိုယ်ထူကိုယ်ထ ကျောင်းတချို့ဟာ သတ်မှတ်ကျောင်းသားဦးရေ မပြည့်တဲ့အတွက် ရက်ပိုင်းကြာအောင် ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကျောင်းတွေ ပုံမှန်လည်ပတ်လာပြီ ဖြစ်ပေမဲ့ ကျည်ကွယ်မျက်ကွယ်ဖြစ်အောင် ကတုတ်ကျင်းတွေတူးပြီး အဆင်သင့် ပြင်ထားရတယ်လို့ ဝက်လက်မြို့နယ်မှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာတယောက်က ပြောပါတယ်။

ကလေးတွေ ကျောင်းပြန်တက်နိုင်အောင် မိဘတွေကို ဆရာတွေက ပညာပေးစည်းရုံးမှုတွေ တော်တော်လုပ်ခဲ့ပြီးမှ မိဘတွေက သူတို့ကလေးတွေကို ကျောင်းတွေဆီ ပြန်ပို့လာကြတာလို့ ဆိုပါတယ်။

“လက်ယက်ကုန်းကိစ္စ ဖြစ်သွားပြီးတဲ့နောက်မှာ ကျနော်တို့က ကလေးတွေအတွက် တော်တော်လေး သတိထားလာရတယ်။ ကျောင်းတိုင်း ကျောင်းတိုင်းကို ကတုတ်ကျင်းလေးတွေတူးပြီး ထားဖို့။ နောက်တချက်က အရေးအကြောင်းဆိုရင် ငယ်တဲ့ကလေးတွေက တခါတည်း ပုန်းပြီးသားဖြစ်အောင် ကတုတ်ကျင်းထဲမှာ သင်ကြည့်မယ်ဆိုပြီး စမ်းကြည့်တာ။ ကျောင်းသားမိဘတွေကနေပြီးတော့ လက်ယက်ကုန်း ကိစ္စလို သူတို့ကလေးတွေ ဖြစ်သွားမစိုးလို့ မထည့်ရဲဘူးဆိုပြီးတော့ အဲ့လိုဖြစ်နေတာတဲ့။ လာတက်တဲ့ ကျောင်းသားဦးရေက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အခါကြတော့ ဖွင့်လို့မရဘဲ ပိတ်ထားတယ်လို့ ဆရာတချို့က ပြောတာကိုး။ အချိန်မရွေး လာပြီးတော့ သူတို့ကတော့ ရက်ရက်စက်စက်လုပ်မှာ။ အချိန်မရွေး လာပြီးတော့ ပစ်ခတ်နိုင်တဲ့ အနေအထားတခုမှာ ကျနော်တို့ကနေ အဆင်သင့်ပုန်းရှောင်ပြီးသား တိမ်းရှောင်ပြီးသား အနေအထားမျိုး ဖြစ်အောင်လို့ ကျနော်တို့ ကတုတ်ကျင်းတူးပြီး ပြင်ဆင်ထားတဲ့ သဘောပေါ့နော်။”

NUG အစိုးရက ကျောင်းဖွင့်ရာသီ မေလကုန် ဇွန်လဆန်း မတိုင်ခင်ကတည်းက ကျောင်းတွေပြန်ဖွင့်ရင် လုံခြုံရေးအတွက် လိုအပ်နိုင်တဲ့ အချက်တွေကို ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဆီ ပို့ချထားပေမဲ့ လက်တွေ့မြေပြင်မှာ စစ်ကောင်စီက လေကြောင်းကနေပါ အကြမ်းဖက် တိုက်ခိုက်တာမျိုးနဲ့ ကြုံရတဲ့အခါ ကလေးငယ်တွေ သေဆုံးရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

ကျောင်းတွေမဖွင့်ခင်က ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ကင်းထောက်တာ၊ တိုက်ပွဲတွေဖြစ်တဲ့အခါနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံရတဲ့အခါ ဘယ်လိုနေထိုင်ရမယ် ဆိုတာမျိုးတွေကို ဆရာတွေနဲ့ ကလေးတွေကို ကြိုတင်သင်ပြထားပေမဲ့ လက်တွေ့မှာ အလုပ်မဖြစ်တဲ့သဘောလည်း သက်ရောက်ခဲ့ပါတယ်။

ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်ထားရတာနဲ့ပတ်သက်လို့ ယင်းမာပင်မြို့နယ် CDM ဆရာမတယောက်က အခုလိုပြောပါတယ်။

“အခက်အခဲတွေကတော့ အများကြီးရှိတယ်။ စာသင်ပြီဆိုရင်လည်း ကျမတို့ ဖြောင့်ဖြောင့်တန်းတန်း မသင်ရဘူး။ ရဟတ်ယာဉ်သံတို့ ကျားထိုးတဲ့အသံတွေ နားထောင်ရတယ်။ စစ်ကောင်စီက ကလေးတွေတောင် မရှောင်ဘဲနဲ့ ပစ်မှတ်ထားပြီး လုပ်လာတဲ့အခါကြတော့ ကျမတို့ ဘယ်လို Save ဖြစ်တဲ့ပုံစံနဲ့ သင်ရမလဲပေါ့။ ကျမတို့ အဲ့ဒီလိုမျိုး အဆင်ပြေတဲ့ပုံစံနဲ့ပဲ သင်ရတာပေါ့။ အဓိကက လုံခြုံမယ့်နေရာကို ရွေးသင်ရတာပေါ့။ တကယ်လို့ ဖြစ်ခဲ့သည်ရှိသော်ဆိုတဲ့ အတွေးမျိုးနဲ့ အုတ်နံရံတွေ၊ သစ်ပင်တွေ၊ ဘယ်သူမှမမြင်နိုင်တဲ့ နေရာတွေမှာ ကွယ်သင်ရတာပေါ့။ ကျင်းခွက်တွေ ချိုင့်တွေထဲမှာ သင်ရတယ်ဆိုတော့ အဆင်မပြေဘူး။ အခုလို မိုးရာသီမှာဆိုရင် ပိုတောင်မှ အဆင်မပြေဘူးပေါ့နော်။ ကလေးတွေက စစ်ရှောင်တဲ့အနေအထားမှာ ဟိုတောတွေထဲရှောင်ရ ဒီတောတွေထဲရှောင်ရ ကလေးတွေကို ပြန်စုနေရတာလည်း ဒုက္ခတမျိုးပဲပေါ့နော်။ ခေတ်ကောင်းတုန်းကလို စည်းကမ်းနဲ့ တင်းတင်းကျပ်ကျပ် လုပ်လို့ရတဲ့ အရာမျိုးလည်း မဟုတ်ဘူးဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။”

လက်ယက်ကုန်းဖြစ်စဉ်ကြောင့် ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာက စစ်ကောင်စီကို အပြင်းအထန် ရှုတ်ချခဲ့တယ်ဆိုပေမဲ့ လက်တွေ့ အရေးယူမှုတွေ မရှိသေးတာကြောင့် စစ်ကိုင်းဒေသတွင်းမှာ စစ်ကောင်စီက တိုက်ပွဲတွေ ဖော်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်။

ပင်လယ်ဘူးမြို့နယ်မှာ စစ်ဘေးရှောင်စခန်းတွေဆီ ခိုလှုံနေရတဲ့ ပြည်သူ သောင်းနဲ့ချီရှိလာပြီး စားဝတ်နေရေးနဲ့ ဆေးဝါးအတွက် အခက်အခဲ ဖြစ်နေကြပါတယ်။

NUG က ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ကြေးတချို့ကိုလည်း မရတာ ၂ လရှိပြီဖြစ်တဲ့အတွက် ပင်လယ်ဘူးဒေသခံ PDF တွေဟာ ရပ်တည်ဖို့ခက်ခဲလာတယ်လို့ ဒေသတွင်း ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ပြည်သူလူထုအတွက်ကတော့ဗျာ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ရပ်ရွာမှာ အခြေတကျ နေနိုင်ဖို့လည်း ခက်ခဲလာတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာ လူဦးရေက သောင်းချီရှိလာပြီ။ အစားအသောက် အနေအထိုင် ဆေးဝါးအခက်အခဲတွေက ကျပ်တည်းမှုတွေကတော့ တော်တော်ကြီးကို များနေပြီဗျ။ တော်တော်ကြီးကို ရင်ဆိုင်နေရတယ်ဗျ။ NUG အစိုးရကို အဓိက တောင်းဆိုချင်တာက ပင်လည်ဘူးမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေကို ထောက်ပံ့ကြေးမပေးတာ ၂ လတာကာလ ရှိနေပြီဖြစ်တဲ့အတွက် အဲ့ဒါကို အမြန်ဆုံးပေးရင်တော့ ပိုလို့အဆင်ပြေမယ်လို့ အဲ့ဒါလေးကို တောင်းဆိုချင်တယ်။”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ ပြည်သူ စုစုပေါင်း ၁၃ ယောက်ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၁ ယောက်ကို စစ်တပ်က ခေါ်ဆောင်သွားပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပညာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ရုံသာမက ကလေးတွေရှိနေတဲ့ စာသင်ကျောင်းတွေကိုပါ အကြမ်းဖက် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုက စာသင်ကျောင်းတွေဟာ အကြိမ်ပေါင်း ၁၉၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးချနေတယ်လို့ ပညာရေးကို တိုက်ခိုက်မှုများမှ ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရ ာမဟာမိတ်အဖွဲ့ (GCPEA) က စက်တင်ဘာ ၁၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024