Home
မြန်မာသတင်း
ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထပ်တိုးထောင်ဒဏ် ချမှတ်ခံရ
DVB
·
October 6, 2022

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ၁၀ ယောက်ကို အောက်တိုဘာ ၅ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ သက်ဆိုင်ရာပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ထပ်တိုးချမှတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။

အနည်းဆုံး ထောင်ဒဏ် ၈ နှစ်ကနေ အများဆုံး ၂၆ နှစ်အထိ ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ၄ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီ ထပ်တိုးချမှတ်ခဲ့ပြီး ၂ နှစ်ကနေ ၂၁ နှစ်အထိ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတဲ့ တခြား ၆ ယောက်ကိုတော့ ၁၀ နှစ်စီ ထပ်တိုးချမှတ်ခဲ့တာပါ။

ထောင်ဒဏ် နှစ် ၂၀ စီ ထပ်မံချမှတ်ခံလိုက်ရတဲ့ ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး၊ ကိုမြတ်ကျော်သူတို့ ၄ ယောက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၄ တို့နဲ့ အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်တယ်လို့ DPPN တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူတို့ ၄ ယောက်ထဲက စုစုပေါင်း ထောင်ဒဏ် ၄၆ နှစ် ချမှတ်ခံထားရတဲ့ ကိုထွန်းဦးကလွဲပြီး ကျန်တဲ့ ၃ ယောက်ကတော့ တခြားပုဒ်မတွေနဲ့ နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခံလိုက်ရတဲ့ ကိုစိုင်းမင်းသူ၊ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်အောင်လတ်၊ ကိုအောင်အောင်တို့ ၆ ယောက် ကိုတော့ ဘယ်ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ် ထပ်မံချမှတ်ခဲ့လဲ ဆိုတာကိုတော့ မသိရပါဘူး။

သူတို့ ၆ ယောက်စလုံးကတော့ နောက်ထပ် အမှုရင်ဆိုင်ရမယ့် တခြားပုဒ်မတွေ မရှိတော့ပါဘူး။

ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံထားရသူ ၂ ယောက်ရှိပြီး အသက် ၅၀ အရွယ် ဦးစောရွှေနဲ့ အသက် ၃၅ နှစ်အရွယ် ကိုစိုးမင်းထွေးတို့ ဖြစ်ကြကာ အရင်နှစ် စက်တင်ဘာလက လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုကြောင့် စွပ်စွဲဖမ်းဆီးခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်နဲ့ နိုင်ငံရေးအကျဥ်းသူ ၅၀ လောက်ရှိပြီး စုစုပေါင်း အမှုရင်ဆိုင်ဆဲသူကတော့ ၁၀၀ ကျော်လောက်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024