Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
October 6, 2022

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို အောက်တိုဘာ ၅ ရက်ညပိုင်းက အမည်မသိသူတွေက သေနတ်တွေ ဗုံးတွေနဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့  ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ဦးဇော်လွင်ရဲ့နေအိမ်ကို မနေ့ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာသူနှစ်ယောက်က  သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဗုံးနဲ့ပါထပ်မံပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိသူ များတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အရင်ဆုံး သေနတ်သံတွေ ကြားရတာ။ ပြီးမှ ဗုံးပေါက်တဲ့အသံကြားရတာ လူနာတင်ယာဥ် သုံးစီးလောက်လာတယ်။ တပ်က ကားတွေရော အနည်းဆုံးငါးယောက်ထက်မနည်းဘူး ထိတာ”လို့ ရှင်းပြပါတယ်။

၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ရဲ့ နေအိမ်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်လောက်ရှိတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

“စကားဝါလမ်းက အုပ်ကြီးနေအိမ်နဲ့ ဆိုင်အပစ်ခံရတာ၊ သေနတ်နဲ့ရော ဗုံးနဲ့ပစ်တာရော ဒဏ်ရာရတာ ၆ ဦးဒဏ်ရာရတယ်။ မိန်းကလေးတွေရော ပါတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကင်းချထားပြီး စကားဝါလမ်းကို စစ်ဆေးခဲ့တယ်လို့  ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လတ်တလော ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ် ပစ်ခတ်ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုခြင်းမရှိပါဘူး။

မနေ့မနက်ပိုင်းကလည်း ရွှေပြည်သာနဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024