Home
မြန်မာသတင်း
မုံရွေး-ကြေးမုံကျေးရွာက အိမ်ခြေ ၇ လုံးထက်မနည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
October 6, 2022
310072871_185650437281187_8976176401130153773_n
310107279_185650400614524_8751132989876407261_n
310023810_185650503947847_996211621518492446_n
Screenshot 2022-10-06 095753

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေး-ကြေးမုံကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ နှစ်ရက်အတွင်း နေအိမ် ၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်နေ့ မနက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး  ကျေးရွာအတွင်းရှိ ဒေသခံ ၁၀၀ ထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့သလို နေအိမ်တွေကို အောက်တိုဘာ ၅ ရက်နေ့ အထိ နှစ်ရက်ဆက်တိုက် မီးရှို့သွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက "သူတို့က အဲ့ဒီ‌ ၄ ရက်နေ့ကတည်းက မုံရွေးနဲ့ ကြေးမုံရွာလမ်းတွေမှာ ပစ်ခတ်ဆဲဆိုကြိမ်းမောင်းပြီး ဝင်လာတာ။ ရွာထဲ တွေ့သမျှလူအကုန် ဖမ်းခေါ်ပြီး ဘုန်းကြီးကျောင်းထဲမှာ စုပိတ်ပြီး စစ်ဆေးတာတွေလုပ်တယ်။ ဖုန်းတွေကစ လိုက်စစ်တာ။ နောက်ပြီး မုံရွေးက နေအိမ် ၁ လုံးကို အရင်စပြီးမီးရှို့တယ်။ ၅ ရက်နေ့မှာ သူတို့ မသင်္ကာတဲ့နေအိမ်တွေကို လိုက်ပြီး မီးရှို့နေကြတာ။ ရွာက ကားတာယာလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်လည်း မီးရှို့ခံလိုက်ရတယ်။ ဖမ်းထားတဲ့ လူတွေ တချို့တော့ ပြန်လွှတ်ပေးတယ်။ တချို့ကို ဖမ်းခေါ်သွားတယ် သိရတယ်။ ရွာထဲ စစ်ကြောင်းဝင်လာတဲ့ အထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ ပျူစောထီးအဖွဲ့တွေပါ တွေ့ရပါတယ်" လို့ ပြောပါတယ်။

မုံရွေးကျေးရွာထဲက ကမ္မရပ်၊ မန်ကျည်းတန်းရပ်၊ ရှစ်ဆယ်ရပ်၊ မိုးကောင်းရပ်၊ ရွာသစ်ရပ်၊ မိုးကောင်းရပ် စတဲ့ နေရာတွေက နေအိမ် ၇ လုံးထက်မနည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာမှ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ် မုံရွေး-ကြေးမုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ကလည်း မုံရွာမြို့နယ် ထနောင်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၇ လုံးကို မီးရှို့ခဲ့ပြီး ဒေသခံအရပ်သားပြည်သူတဦးနဲ့ PDF တပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024