ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက ဗုံးပေါက်ကွဲခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ ၂၆ ရပ်ကွက် ပဒုမ္မာလမ်းသွယ်ထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ညနေပိုင်းက ဧည့်စာရင်းပေးနေတဲ့အချိန်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“လူနာတင်ကားနဲ့ သယ်သွားတာ တွေ့တယ်။ တဦးပဲ ဒဏ်ရာရတာ၊ အုပ်ချုပ်ရေးပိုင်းကလား ဆိုတာပဲ မသိတာ။”
ဗုံးပေါက်ကွဲမှုကြောင့် ဧည့်စာရင်းလာတိုင်သူတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရုံးအနီးနေသူတယောက်က ပြောပါတယ်။
“ကောင်မလေးတယောက် ထိတယ်ပြောတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး။ ဧည့်စာရင်းပေးတဲ့အချိန် ပေါက်တာ။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေက ၂၆ ရပ်ကွက်ရှိ လမ်းဆုံတွေမှာ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့ပါတယ်။