
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် ညပိုင်းက ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာ စစ်ကောင်စီဂိတ်နဲ့ ခလရ ၄၀၇ အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) T1 က ရဲဘော်နိုင်တီနိုင်းနဲ့ ရဲဘော်ဝတုတ်တို့ ကျဆုံးခဲ့ကြပါတယ်။
စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းမှာလည်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ရဲဘော်ကီးမိုက်ဟာ တောတွင်းတနေရာမှာ တာဝန်ထမ်းဆောင်ရင်း မတော်တဆဖြစ်ပြီး ကျဆုံးခဲ့တယ်လို့ DGRF က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာလည်း ရေဖြူမြို့နယ်၊ ကျေးဇူးတော်ရွာ စစ်ကြောင်းထိုးခံရစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတခု အသိမ်းခံခဲ့ရပြီး ရဲဘော်ဆံရှည် ကျည်ထိမှန်ကာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့ပါတယ်။
“ကျဆုံးပြီးမှ သိရတာပါ။ အခု သူတို့အဖွဲ့တွေလည်း ရွှေ့ပြောင်းနေကြရတုန်းပါပဲ” လို့ ရဲဘော်ဆံရှည်ရဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ထားဝယ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေနဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်လာပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက် သေဆုံးမှုပမာဏ မြင့်တက်နေပါတယ်။