မွန်ပြည်နယ်၊ ရေးမြို့မှာ သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးဟာ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီလောက်က သူ့ရဲ့နေအိမ်အပြန်မှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးကြောင့် ဖမ်းဆီးခံရသူတွေရှိနေလို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူက သီရိဇေယျာအုပ်ချုပ်ရေးမှူး၊ ရေးမှာလည်း စစ်တပ်နဲ့ပေါင်းပြီး ဇောင်းကြွနေတဲ့လူ၊ သူ့ကို စစ်တပ်က အတိုတလက်ပေးထားတယ်။ တခါတလေ သူ့အိမ်ကို တပ်ကအရာရှိတွေ အရပ်ဝတ်နဲ့ လာတတ်ပြီး တခါတလေ နေ့ခင်းဘက် တပ်ထဲမှာနေလေ့ရှိတယ်။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိတဲ့အတွက် အခုလို ပစ်ခတ် ရှင်းလင်းလိုက်တယ်။”
လက်ရှိမှာ အဆိုပါလမ်းနေရာတွေကို စစ်ကောင်စီတပ်က အားလုံးပိတ်ဆို့ထားပြီး အစစ်အဆေးများနေကြောင်းနဲ့ ပစ်ခတ်ခံရသူ သေသလား ရှင်လားတော့ မသိရသေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။
“သူက ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာတွေနဲ့ဆိုတော့ သေဖို့များပါတယ်။ ဘယ်သူမှလည်း သွားမကိုင်ရဲကြဘူး။ အခု သူ့မိသားစုဝင်တွေပြောတာကတော့ လုံးဝ အခြေအနေ မကောင်းဘူး၊ သေဖို့များတယ်။”
မနေ့ အောက်တိုဘာ ၄ ရက် မနက်ကလည်း ကျုံလောင်းရွာဟောင်းမှာ ကိုအောင်မြင့် ဆိုသူကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က သေနတ်နဲ့ ၁၅ ချက်ပစ်ခတ်ပြီး ရှင်းလင်းလိုက်တယ်လို့ MSRO တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကိုအောင်မြင့်က ၂၀၂၂ ခုနှစ် ၃ လပိုင်း ၁၈ ရက်နေ့တုန်းက ကျနော်တို့ အဖွဲ့ အပစ်ခံရတဲ့ဖြစ်စဥ်မှာ သတင်းပေးလို့ ရဲဘော် ကျော်ဇင်ထက်နဲ့ ၁၄ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ရသလို ကျနော်တို့ရဲ့ ရဲဘော်တယောက် လက်ကျည်ထိခဲ့ပါတယ်။ ဆိုင်ကယ် ၂ စီး၊ လက်နက် ၂ လက်၊ ကားတစီးလည်း ဆုံးရှုံးခဲ့ရတယ်။ အဲဒီဖြစ်စဥ်နေ့မှာ စစ်တပ်ဆီက ငွေ ၂၅ သိန်းယူပြီး သတင်းပေးတဲ့ ကျုံလောင်းက ချဲဒိုင်အောင်မြင့်ကို MSRO က ကိုယ့်ဥပဒေအတိုင်း ကွပ်မျက်ပေးလိုက်တယ်။”
ရေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး ၁ ဒါဇင်ကျော်လောက် PDF တွေရဲ့ ပစ်ခတ်ရှင်းလင်းခံထားရပြီး ကျန်နေတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း အမြန်ဆုံး နုတ်ထွက်ကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
ရေးမြို့ပေါ်ရပ်ကွက်ရှိ အောင်မေတ္တာတိုးချဲ့ကွက်သစ်မှာတော့ အောက်တိုဘာ ၃ ရက်နေ့ ည ၁၁ နာရီကျော်လောက်က အနုကြမ်းစီး ဓားပြမှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ အိမ်ရှင်မိသားစုနဲ့ နီးစပ်သူတွေက “အိမ်ရှင်အမျိုးသမီး တဦးတည်းရှိနေတဲ့ နေအိမ်မှာ အသက် ၂၃ နှစ်အရွယ် တရပ်ကွက်တည်းနေသူ လူငယ် ဝင်ရောက်လာပြီး အိမ်ရှင် လည်ပင်းဘေးကို သံချွန်နဲ့ထောက်ပြီး ပိုက်ဆံ နှစ်သိန်းလောက်နဲ့ ဖုန်းနဲ့ နားကပ်ကိုပါ ဆွဲဖြုတ် ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
အိမ်ရှင်က ရပ်ကွက်လူကြီးနဲ့ ရဲကို တိုင်ပေမဲ့ လူငယ်က ပျူစောထီးအဖွဲ့ကဖြစ်လို့ အရေးယူ စစ်ဆေးမေးမြန်းတာ မရှိတာကြောင့် အိမ်ရှင်က အိမ်မပြန်ရဲဘဲ တနေရာမှာ ယာယီ ရှောင်နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ လုယက်ခံမှုနဲ့ ပတ်သက်ပြီး အတည်ပြုချက်တွေရယူဖို့ ရဲတပ်ဖွဲ့ဝင်တွေထံ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
မြို့ခံတယောက်က “အခုလို ရေးမြို့ပေါ်မှာ အနုကြမ်းစီး လုယက်မှုက ညပိုင်းမှာဖြစ်တော့ ပတ်ဝန်းကျင်ကလူတွေလည်း ထွက်မကြည့်ရဲကြဘူး။ ညမထွက်ရအမိန့်ကလည်း ထုတ်ပြန်ထားတာ။ အလားတူမျိုးတွေ ထပ်ဖြစ်လာမှာကိုလည်း မြို့ခံတွေကြားမှာ လုံခြုံမှု မရှိသလို ခံစားရတယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ခိုးဆိုးလုယက်၊ မုဒိမ်း၊ လူသတ်သမားတွေကို အများဆုံး ပြန်လွှတ်ပေးခဲ့တာပါ။
အခုလို ခိုးဆိုးလုယက်မှုတွေ မြန်မာနိုင်ငံ နေရာအသီးသီးမှာ နေ့စဉ်နဲ့အမျှ ပိုမိုဖြစ်ပေါ်လာနေပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ် အရေးယူတာတွေ ဒီနေ့အထိ မရှိသေးပါဘူး။