DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် စစ်ဘေးရှောင် ၆,၀၀၀ ကျော်ထိတိုးလာ
DVB
·
October 5, 2022
ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် စစ်ဘေးရှောင် ၆,၀၀၀ ကျော်ထိတိုးလာ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေကြောင့် သြဂုတ်နဲ့ စက်တင်ဘာလအတွင်း မြို့နယ် ၆ ခုမှာ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ကျော်အထိ တိုးလာနေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လကတည်းက စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်လာပြီး မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၁,၆၃၅ စုက လူဦးရေ ၆,၁၆၇ ယောက်အထိ ရှိလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ စစ်ဘေးရှောင် ၆,၀၀၀ ကျော်ထဲမှာ မွေးကင်းစကလေး ၅၂ ယောက်နဲ့ ကိုယ်ဝန်ဆောင် မိခင် ၂၃ ‌ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် တိုက်ပွဲစတင်ကတည်းက မြို့နယ် ၁၂ ခုက အိမ်ထောင်စု ၂၀,၃၅၇ စုက လူဦးရေ ၈၂,၄၁၉ ယောက်ဟာ စစ်ဘေးရှောင်စခန်း ၁၅၀ လောက်မှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီအထဲမှာ အဆင့်မြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကနေ အခြေခံ မူလတန်း ကျောင်းသား ကျောင်းသူ ၁၀,၃၂၂ ယောက်အထိ ပါရှိတယ်လို့ အေအေစာရင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်နေပေမဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေပြီး မပြန်ရင် ရိက္ခာတွေ ဖြတ်တောက်သွားမယ်လို့ ပြောဆိုလာတာတွေ ရှိတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနက ဆန်ရိက္ခာတွေ ထောက်ပံ့မှု မပြုလုပ်သလို NGO/INGO အဖွဲ့အစည်းတွေကိုလည်း ရိက္ခာထောက်ပံ့ခွင့်တွေနဲ့ ခရီးသွားလာခွင့်တွေကို စက်တင်ဘာ ၁၆ ရက်ကတည်းက ပိတ်ပင်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက NGO/INGO တွေကို ရိက္ခာထောက်ပံ့ခွင့်၊ ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းတွေနဲ့ မွတ်ဆလင် IDP Camp တွေမှာ လူဦးရေ ၂၃၇,၀၀၀ ကျော်အထိ ရှိနေတယ်လို့ INGO တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်စာရင်းမှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ နေရပ်စွန့်ခွာနေရသူ ၁၇,၄၀၀ ယောက်အထိရှိတယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013