DVB Logo
Home
မြန်မာသတင်း
“စစ်ကောင်စီဟာနေစရာထိုင်စရာမရှိအောင်ကြောက်စိတ်ဝင်နေပြီ”ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
DVB
·
October 5, 2022
“စစ်ကောင်စီဟာနေစရာထိုင်စရာမရှိအောင်ကြောက်စိတ်ဝင်နေပြီ”ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
1 / 2
Donate to DVB

စစ်ကောင်စီဟာ  နေစရာထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က  အောက်တိုဘာ ၅ ရက်နေ့ ရေဒီယို NUG အသံလွှင့်အစီအစဥ်ကနေ PDF တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ 

ဒီကနေ့ စစ်ကောင်စီရဲ့အခြေအနေကို ကြည့်ရင် နိုင်ငံရေးထွက်ပေါက်ရော စစ်ရေး အသက်ရှုပေါက်ပါ အသည်းအသန်ရှာနေတာတွေ့နိုင်တဲ့အကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်ပြောပြောနေတဲ့ ရွေးကောက်ပွဲလုပ်မယောင်ယောင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိးချမ်းရေးဆွေးနွေးသယောင်ယောင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယောင်ယောင်၊ ဖျက်မယောင်ယောင် လုပ်နေတာတွေဟာ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြံစည်အားထုတ်နေတာဖြစ်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။

“အဓမ္မသမားတွေပီပီ ဘယ်လိုနိုင်ငံရေးထွက်ပေါက်မျိုးကိုမှ နည်းမှန်လမ်းမှန် ရှာဖွေဖို့ စဥ်းစားကြမှာ မဟုတ်ဘူး။ သူတို့ခေါင်းထဲ စွဲနေတာက ကလိမ်ဥာဏ်နဲ့ အကြောက်တရားပဲ။ စစ်တပ်ကို ပြည်သူက ခေါင်းမော်မကြည့်ရဲအောင် အဓမ္မပြုကျင့် အကြောက်တရားသွင်းရင်းနဲ့ သူတို့ကိုယ်တိုင် နေစရာထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီဆိုတာ သေချာတယ်။ ဒီအကြောက်တရားကြောင့်ပဲ မျက်လုံးစုံကန်းပြီး အမှားတွေပဲ ဆက်တိုက်ဆက်ပြီး ကျုးလွန်ကြလိမ့်မယ်။”

တရားမဝင်အာဏာသိမ်းအဖွဲ့က လုပ်တဲ့ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိသလို ပြည်သူကလည်း အသိအမှတ်ပြုမှာမဟုတ်ကြောင်း၊ ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုး ထိန်းချုပ်နိုင်စွမ်း တစ်နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ ဒီရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ကြောင်း။  မသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီး ပြည်သူ့ဒီမိုကရေစီအာဏာကို ခြေနဲ့နင်းချေပစ်ဖို့၊ စစ်အုပ်စုနဲ့လက်တစ်ဆုပ်စာ အလိုတော်ရိတွေရဲ့ လက်ထဲမှာ အာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ စစ်ကောင်စီက ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအစိုးရိမ်ဆုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ညီတစ်ညွတ်တည်း တော်လှန်ရေးထဲ ပါဝင်လာမယ့်အရေးဖြစ်လို့ တိုင်းရင်းသားအချင်းချင်း သွေးခွဲ၊ သပ်လျှို၊ ရန်တိုက်ပေးတဲ့နည်းနဲ့ တော်လှန်ရေးလှိုင်း ရှေ့တိုးမလာအောင် ဟန့်တားနှောက်ယှက်နေတယ်လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ် တစ်ဖြည်းဖြည်းကျဆင်းသွားစေဖို့၊ လက်နက်နဲ့ရန်ပုံငွေအခက်အခဲကြားတော်လှန်ရေးအင်အား တစ်စစ ယုတ်လျော့သွားစေဖို့၊ တော်လှန်ရေးအင်အားစု အချင်းချင်း စုစည်းညီညွတ်မှု ပြိုကွဲသွားစေချင်တဲ့အတွက် စစ်ကောင်စီအလိုကျ အဖြစ်မခံရအောင် စုစည်းညီညွတ်စွာနဲ့ ပြည်သူအပေါ် အဓမ္မပြုကျင့်နေတဲ့ အကြမ်းဖက်အုပ်စုကို အမြန်ဆုံး အမြစ်လှန် ချေမှုန်းဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးက PDF တပ်ဖွဲ့တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး မြန်မာပြည်ဒေသအနှံ့အပြားမှာလည်း စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်ခံရပြီး နေ့စဉ်သေဆုံး ဒဏ်ရာရ ထွက်ပြေး ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။

မြို့ပေါ်တွေမှာလည်း အငြိမ်းစားစစ်တပ်အရာရှိကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေ၊ ဒလန်တွေနဲ့ စစ်ကောင်စီဒေါက်တိုင်တွေ အသတ်ခံနေရတာကြောင့် စစ်အုပ်စုဝင်တွေဟာ မိသားစုတွေကို ပြည်ပနိုင်ငံတွေဆီ ပို့ဆောင်ထားရတာနဲ့ နေပြည်တော်မှာ ပြောင်းရွေ့ နေထိုင်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013