DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် မြောက်ဦးခရိုင်တွင် လမ်းများပိတ်ထားသဖြင့် ကုန်သွယ်မှုကျဆင်းပြီး ဒေသခံများ အခက်ကြုံ
DVB
·
October 5, 2022
မောင်တောနှင့် မြောက်ဦးခရိုင်တွင် လမ်းများပိတ်ထားသဖြင့် ကုန်သွယ်မှုကျဆင်းပြီး ဒေသခံများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားတာကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်တင်ဘာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ သိန်းဖိုးလောက်နဲ့ ငါးမြစ်ချင်း ၃၅ တန်သာ တင်ပို့နိုင်ခဲ့တယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

မောင်တောနယ်စပ်ရှိ ကုန်သည်ကြီးတဦးက “လမ်းတွေပိတ်ထားတော့ ဘယ်ကုန်လာမလဲဗျာ။ အခုလောက် ပို့နိုင်နေတာတောင် တော်သေးတယ်။ ကုန်းလမ်းပိတ်ထားတောင်မက ရေလမ်းပါ ပိတ်လိုက်ထားတာဆိုတော့ နယ်စပ်ကုန်သွယ်မှုက ဇောက်ထိုး ကျဆင်းသွားတော့တာပါပဲ” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်အတွင်း မောင်တောနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ကုန် ၁ ဒသမ ၄၈၃ ဒေါ်လာသန်းအထိ တင်ပို့ခဲ့ပြီး ငါးမြစ်ချင်း ၈၂၆ တန်အထိ တင်ပို့နိုင်ခဲ့တာပါ။

စစ်ရေးပြဿနာတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီက အခုလို ပိတ်မထားသင့်ကြောင်း ကုန်သည်ကြီးက ပြောပါတယ်။

“စစ်ရေးမှာ စစ်ရေးပါ။ စီးပွားရေးကို ဆွဲမထည့်သင့်ဘူး‌လေ။ စီးပွားရေးက နိုင်ငံတော်ကို တရားဝင် ဒေါ်လာအခွန်ဆောင်ပြီးမှ သွား‌နေကြတာလေ။ ကုန်စည်ဆိုတာ လမ်းတွေပိတ်ထားရင် ဘယ်လိုလာမလဲ။ ဒီလိုသာ အချိန်အကြာကြီး ပိတ်ထားရင် ဒီမောင်တောဒေသကလူတွေ ငတ်ကြပြီး ကြီးမားတဲ့ ပြဿနာပေါက်ကွဲမှုတခု ဖြစ်လာနိုင်တယ်။”

မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲတွေကြောင့် သြဂုတ် ၁၄ ရက်ကစပြီး လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေကို ဘူးသီတောင်-ရသေ့တောင်မြို့တွေကို ခရီးစဉ်ပြေးဆွဲခြင်း အကန့်သတ်မရှိ ရပ်တန့်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။

ရေလမ်း၊ ကုန်းလမ်းတွေပါ ပိတ်ထားတာကြောင့် ဒေါ်လာတခုတည်းနဲ့သာ ကုန်သွယ်နေတဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုဟာ အောက်ဆုံးကို ကျဆင်းလာနေတာလည်း ဖြစ်ပါတယ်။

အလားတူ မြောက်ဦးခရိုင် မင်းပြားမြို့ကနေ မြေပုံမြို့နယ်ဘက်ကို သွားလာရတဲ့ ကားလမ်းကို စစ်ကောင်စီက အောက်တိုဘာ ၃ ရက်ကစပြီး အကန့်အသတ်မရှိ လမ်းပိတ်ထားလိုက်ပြီး ကြပ်စင်တံတားပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေပုံမြို့နယ်ဘက်နဲ့ မင်းပြားမြို့နယ်ဘက်တွေမှာ စခန်းချ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားဒေသခံတယောက်က “ပေါက်တောလမ်းတော့ မဟုတ်ဘူးဗျ။ မင်းပြားနဲ့ မြေပုံ သွားတဲ့လမ်းကို အကန်အသတ်မဲ့ သွားလာခွင့်ပိတ်လိုက်တာ။ ကြပ်စင်တံတားပေါ်မှာ မင်းပြားဘက်က စစ်တပ်အင်အား ချထားတယ်။ မြေပုံဘက်ကလည်း ချထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ ကြပ်စင်တံတားဟာ မင်းပြားမြို့ကနေ မိုင်းဝက်ခန့်အကွာမှာ ရှိနေပြီး မင်းပြား-မြေပုံ-မင်းပြား ပေါက်တော-စစ်တွေ စတဲ့နေရာတွေကို ရေကြောင်းသွားလာတာတွေ အဓိကထိန်းချုပ်ထားနိုင်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က မင်းပြားမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောနှစ်စီးကို ရက္ခိုင့်တပ်တော် (အေအေ) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြကာ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက် မနက်ပိုင်းကလည်း မြေပုံမြို့တွင်းကို ကံသာကျေးရွာကနေ ဝင်‌ရောက်လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို နတလရုံးမှာ ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ပါတယ်။

အဲ့ဒီအတွက် မင်းပြားမြို့ပေါ်ရှိ စစ်ကောင်စီ လက်နက်ကြီးစခန်းတွေက မင်းပြား-မြေပုံအထွက် ကြပ်စင်တံတားအနီးရှိ ​ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်ခဲ့တာပါ။

လက်ရှိ ကြပ်စင်တံတားပေါ် မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း  ညအချိန် ရေယာဥ်အသွားအလာတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မင်းပြားမြို့ပေါ် လက်နက်ကြီးစခန်းက နေ့စဉ် လက်နက်ကြီးပစ်နေတာ ရှိတယ်။ ကြပ်စင်တံတား တောင်တန်းတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ။ အဲဒီလက်နက်ကြီးတွေက လူနေကျေးရွာတွေအနီးကိုလည်း ကျရောက်ခဲ့တာတွေ ရှိခဲ့တယ်။ လက်ရှိ ကြပ်စင်တံတားမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ညအချိန် သွားလာတဲ့ ရေယာဥ်တွေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာတွေ ရှိ‌နေတယ်။”

မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်ကြားမှာ ရှိကြတဲ့ ကျားပိုက္ကေ၊ ရွှေချောင်း၊ သစ်ပုတ်တောင်၊ သာယာကုန်း၊ တောင်ရှည်ပြင်၊ ဒဂုန်၊ ကန်သာ၊ ရေငန်ချေ၊ ဖလောင်းပြင်၊ ကန်ချောင်၊ မြောင်ချောင်း၊ ကျောက်ခုတ်၊ ခမောင်းတော၊ ဝက်ခေါင်း စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်ဟာ အခုလို သွားလာခွင့်ပိတ်လိုက်တာ‌ကြောင့် ဆေးဝါးမလုံလောက်တာ၊ စားနပ်ရိက္ခာ လိုအပ်တာတွေ အပါအဝင် ပညာရေးဝန်ထမ်းတွေ သွားလာရခက်ခဲနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013