
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက် အောက်တိုဘာ ၄ ရက်မှာ သေဆုံးသွားတယ်လို့ ကလေးငယ်ရဲ့ စျာပနကို ဆောက်ရွက်ပေးခဲ့တဲ့ နာရေးကူညီမှု-ထားဝယ်ကနေ သိရပါတယ်။
ကလေးငယ်ဟာ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာကနေ ထားဝယ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကုသနေစဉ်အတွင်း ကွယ်လွန်သွားတာပါ။
ကလေးငယ်ရဲ့ စျာပနကိုတော့ ထားဝယ်-ဇဟာ ဘာသာပေါင်းစုံသုသာန်မှာ သင်္ဂြိုဟ်ပြီး ဖြစ်ပါတယ်။
ထားဝယ်ခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တာဟာ အခုနှစ် မတ်လမှာ နောက်ဆုံးဖြစ်ပြီး ၅ လကြာပြီးနောက် ကူးစက်လူနာသေဆုံးတဲ့ကိစ္စ ပြန်ပေါ်လာတာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်အတွင်း အခု ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးငယ် အပါအဝင် နာရေးကူညီမှု ထားဝယ်က တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ နာရေး ၅၉၀ ရှိပြီလို့ သိရပါတယ်။
စက်တင်ဘာလ တလတည်း ထားဝယ်ခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၃ ယောက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထားဝယ်မြို့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထားဝယ်ခရိုင်မှာ ကိုဗစ်ကူးစက်ခံရသူဟာ စက်တင်ဘာလအတွင်း တနေ့တယောက်နှုန်း ရှိခဲ့ပြီး ကူးစက်လူနာ အများဆုံးတွေ့ရတဲ့ရက်တွေအဖြစ် စက်တင်ဘာ ၂၅ ရက်မှာ ၁၂ ယောက်၊ စက်တင်ဘာ ၁၉ ရက်မှာ ၆ ယောက် အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့တာလည်း ရှိပါတယ်။