မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မှာ အောက်တိုဘာ ၃ ရက်ညက အမျိုးသား ၅ ယောက် ဓားခုတ်အသတ်ခံရပြီး ကားလမ်းဘေးမှာ အလောင်းစွန့်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မနက်အစောက မြို့ပြင် ဂေါက်ကွင်းနဲ့ ကျောက်လုံးကြီးကွေ့မှာ အမျိုးသားအလောင်းတွေ တွေ့တယ်လို့ ကြားတာ။ နေမြင့်မှသိရတာ မြို့ပေါ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ၂ ဦးနဲ့ ဆီစက်ပိုင်ရှင် ၁ ဦး၊ ထန်းဂွရွာက အမျိုးသား ၂ ဦးလို့ သိရတာ။ ဘယ်သူတွေ သတ်သွားတယ်တော့ မသိဘူး” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အမှတ် ၂ ရပ်ကွက်က ဆီစက်ပိုင်ရှင် ဦးကျော်ဆန်း၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးသိန်းလွင်နဲ့ ဦးလှစိုး၊ ထန်းဂွရွာက ကိုကျော်မင်းနဲ့ ကိုဇင်မင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ဦးသိန်းလွင်နဲ့ နီးစပ်သူတယောက်က “မနက်အစောပိုင်းက ကား ၂ စီးနဲ့ လူတွေရောက်လာပြီး လာခေါ်သွားတာပဲ။ နေမြင့်မှ အလောင်းတွေ့တယ် ကြားရတာ။ လာခေါ်တဲ့သူတွေကိုလည်း မသိဘူး။ ဘယ်အဖွဲ့ကဆိုတာ မသိဘူး” လို့ ပြောပါတယ်။
အလားတူ အောက်တိုဘာ ၃ ရက် ညကလည်း တောင်သာမြို့နယ်က အမျိုးသားတယောက် ဓားနဲ့ခုတ်သတ်ခံရသေးတယ်လို့ သိရပါတယ်။