
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းရှိ ပလိုင်းကျေးရွာနဲ့ ကန်သာကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက်က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Snake Eyes PDF ကနေ သိရပါတယ်။
ပလိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းနဲ့ တကြိမ် တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၃ နာရီလောက်မှာ ပလိုင်းကျေးရွာကနေ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကန်သာကျေးရွာ တံတားထိပ်အရောက် အသင့်စောင့်ဆိုင်းကာ မိုင်းနဲ့ထပ်မံ တိုက်ခိုက်ခဲ့တာလို့ Snake Eyes PDF အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးရုံးကို မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပလိုင်းကျေးရွာနဲ့ ကန်သာကျေးရွာက ကပ်လျက်ပါခင်ဗျာ။ လတ်တလော အခြေအနေကတော့ ကန်သာကျေးရွာက အရပ်သား နေအိမ် နှစ်လုံးကို မီးရှို့ပြီး သူတို့အထိုင်ချထားတဲ့ ပလိုင်းကျေးရွာ စာသင်ကျောင်းထဲ ပြန်ဝင်သွားကြပါတယ်၊ အခုတော့ အခြေအနေ ပြန်ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။”
အဆိုပါ မိုင်းနှစ်ကြိမ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့် ကန်သာကျေးရွာ အုပ်ချုပ်ရေးမှူး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို မဟာမိတ်တွေဖြစ်တဲ့ SNAKE EYES (LPDF)၊ C & T SHWEBO (LPDF)၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDF - Shwebo၊ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ(၃)နှင့် ရွှေဘိုမြို့နယ်တိုက်နယ် (၂) ပ.က.ဖ. အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အထိခိုက်မရှိ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။