မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၃၉၀ ထပ်မံပြီးတော့ စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တို ဘာ ၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၁၉၈ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၃၉၀ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၂၀ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၂ ယောက်ရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၆၃ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၂၄,၆၈၂ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၈,၉၉၄ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကား သတင်းထုတ်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းကျော် ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေ တယ်လို့ ဆိုပါတယ်။
လက်တွေ့မြေပြင်မှာတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကြောင့် အောက်တိုဘာ ၂ ရက်မှာ နှစ်ယောက်နဲ့ အောက်တိုဘာ ၃ ရက်မှာ တယောက် သေဆုံးခဲ့ပြီး စက်တင်ဘာလထဲမှာတော့ သေဆုံးသူ နှစ်ယောက် ရှိခဲ့တယ်လို့ မနောဖြူလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာလည်း စက်တင်ဘာ ၃ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။