Home
မြန်မာသတင်း
ဝက်လက်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
October 4, 2022
Ban Mauk
309865808_3105513363004552_1443610789746544444_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့အနီးမှာ အောက်တိုဘာ ၃ ရက် နေ့လယ် ၂ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ရွှေဘိုကနေ ဝက်လက်မြို့နယ်ကို ဝင်ရောက်လာရာမှ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ GZ Special Task Force  -Wetlet တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲအချိန် သိပ်မကြာဘူး။ ရွှေဘိုကနေ စစ်ကြောင်းဝင်လာလို့ ကျနော်တို့ဘက်က စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ သူတို့ တော်တော်အထိနာသွားတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ စနိုက်ပါနဲ့ ပြန်ထောက်တယ်။ ဒီက ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ အထိခိုက်တစုံတရာမရှိခဲ့ဘူး။ တိုက်ပြီး တပ်ပြန်ဆုတ်လာတာ။ ပြောရရင်တော့ ဒီကောင်တွေက မိုင်းရှင်းဖို့လာတာ။ ဒါကို ကျနော်တို့က ဖြတ်တိုက်တာ။”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ အထိခိုက်အကျဆုံးရှိပေမယ့် အတိကျမသိရသေးဘူးလို့ လည်း ပြောပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ စိုင်နိုင်ကွေ့ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ရွာသာကြီးဘက်ကနေ  လက်နက်အပြည့်စုံနဲ့ အင်အား ၅၀  လောက် ထပ်မံဖြည့်တင်းလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ခုရက်ပိုင်းအတွင်း ရွှေဘိုနဲ့ စစ်ကိုင်းကနေ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်ကလည်း ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှာ ရွှေဘိုဘက်က ဝင်ရောက်လာတဲ့ စစ်ကား နှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်လည်း အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီ လောက်က စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ်တောင်ပိုင်း သောင်ကြီးကျေးရွာနဲ့ ကျောက်မဲတောင်ကြား တောတွင်းတနေရာမှာ KIA၊ PDF နဲ့ ပကဖ အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုလိုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့ ဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ ဘေးရန်ကြောင့် သောင်ကြီးကျေးရွာ၊ ကျောက်အိုင်ကျေးရွာ၊ ပေပင်ကျေးရွာနဲ့ စီးမော်ကျေးရွာတို့က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024