
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဦးမောင်ဝိတ်ငွေလှူတာနဲ့ ပတ်သက်တဲ့အဂတိအမှု နှစ်မှုကို အောက်တိုဘာ ၄ ရက်က နေပြည်တော် အချုပ်ထောင်၊ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဖက် အပြီးသတ်လျှောက်လဲချက်တင်ခဲ့ကြတာပါ။
ဒီအမှု နှစ်မှုအတွက် အောက်တိုဘာ ၁၂ ရက်နေ့မှာ အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်ကပြောပါတယ်။
"အပြီးသတ်လျှောက်လဲချက်တင်တယ်။ လာမယ့် အပတ် ဗုဒ္ဓဟူးနေ့အမိန့်ချမယ်။ ၁၂ရက်နေ့။"။ စက်တင်ဘာ ၂၀ ရက် ရုံးချိန်းတုန်းက ဦးမောင်ဝိတ်ငွေလှူတဲ့အမှုတွေအတွက် သူ့အမှာ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။
"ဒီနေ့လျှောက်လဲချက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကသူ့မှာအပြစ်မရှိဘူး။ သူ့ကိုလွှတ်ပေးရမယ်ပေါ့။ ဒါပဲတင်ရတာပေါ့။ ဒါတွေက အန်တီ့ကို ပေးတာတွေမဟုတ်ဘူး။ ဒါတွေက လှူတာလေ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မောင်ဝိတ်ကလှူတဲ့ကိစ္စလေ။ သွားအလှူခံတာလည်းမဟုတ်ဘူး။ သူ့ဘာသာ လာလှူတဲ့ကိစ္စလေ။ အဲ့ဒီငွေတွေကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးလိုက်တာဆိုတော့အပြစ်မရှိဘူး။ လွှတ်ပေးရမှာပေါ့။ ဒီကိစ္စမှာလှူတဲ့မောင်ဝိတ်ကလည်း တရားစွဲတာမရှိဘူး။ သူ့သဘောနဲ့သူထားတာလေ။ သူ့ပိုက်ဆံနဲ့သူလုပ်တာလေ။"လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ငွေလှူတာနဲ့ပတ်သက်တဲ့ အဂတိမှု နှစ်ခုမှာ စစ်ကောင်စီကတင်သွင်းထားတဲ့လိုပြသက်သေနှစ်ယောက်ကို စက်တင်ဘာ ၁၉ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။
ဩဂုတ် ၁၃ရက်၊ ဩဂုတ် ၁၆ ရက်၊ စက်တင်ဘာ ၅ ရက်နဲ့ ၁၂ ရက်နေ့ရုံးချိန်းတွေကို လိုပြသက်သေ နှစ်ယောက်မလာခဲ့တဲ့အတွက် ဒီအမှုတွေနဲ့ပတ်သက်ပြီး ရုံးချိန်း ၄ ခုဆက်တိုက် တရားရုံးက စစ်ဆေးဖို့ပျက်ကွက်ခဲ့တာကြောင့် လိုပြသက်သေတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။
ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံခဲ့တယ်လို့ စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အမှု နှစ်ခုနဲ့ တရားစွဲဆိုခဲ့တာပါ။
ဦးမောင်ဝိတ်ကတော့ ငွေကြေးတွေကို ပရဟိတအတွက် အလှူငွေပေးအပ်ခဲ့တာသာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။
ဒီအဂတိအမှု နှစ်မှုအတွက် စစ်ကောင်စီတရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ရုံးချိန်းမှာ အမိန့်ချခဲ့ပါတယ်။
ဒီအဂတိနှစ်မှုကို ဇူလိုင် ၁၃ ရက်နေ့မှာ အတိုင်ပင်ခံရဲ့ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့်တင်ခဲ့ပေမယ့် စစ်ကောင်စီတရားရုံးက ပယ်ချခဲ့ပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၂ မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစုပေါင်း ၇ မှုကို ရင်ဆိုင်ဖို့ ကျန်နေပါသေးတယ်။