
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ သုံးယောက်အထိရှိလာပြီလို့ မနောဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ပါတယ်။
ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကြောင့် အောက်တိုဘာ ၂ ရက်မှာ နှစ်ယောက်နဲ့ အောက်တိုဘာ ၃ ရက်မှာ တယောက် သေဆုံးခဲ့ပြီး စက်တင်ဘာလထဲမှာတော့ သေဆုံးသူ နှစ်ယောက် ရှိခဲ့တယ်လို့ မနောဖြူလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုသိမ်မြို့ခံ တဦးက “အခုရက်ထဲ ကိုဗစ်ပြန်ဖြစ်တာ၊ ပိုးတွေ့သူများတာတွေ ကြားနေရတယ်။ စက်တင်ဘာထဲမှာဆို မူလတန်းကျောင်းက ဆရာ တယောက် ကိုဗစ် ပိုးတွေ့တယ်။ ကျောင်း မပိတ်ဘဲ ဖွင့်ထားတာတွေလုပ်တော့ မိဘတွေ စိတ်ပူတာမျိုးတွေ ဖြစ်တယ်။ မနှစ်က ပုသိမ်မှာ ကိုဗစ်ကြောင့် သေဆုံးတာတွေ များခဲ့တယ်"လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက် ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါပိုး တွေ့သူ ၂၇ ယောက်အနက် ပုသိမ်မြို့မှာ ၁၅ ယောက်ရှိတယ်လို့ သိရပါတယ်။
Photos မနောဖြူလူမှုကူညီရေးအဖွဲ့