
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက အရက်ဆိုင် ထိုင်နေတဲ့ လူငယ် ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုပိုင် Mytel ရုံး အောက်တိုဘာ ၂ ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီး စစ်အုပ်စုတပ်သားတွေက ပုသိမ်မြို့ခံ လူငယ် ၃ ဦးကို စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကောင်လေး ၂ ယောက်က ဗုံးကွဲတာတောင် မပြန်ဘဲ ထိုင်သောက်နေတာ၊ အဲ့တာကို ဝင်ဖမ်းတာ။ နောက် တဦးက ၆ ရပ်ကွက်ဘက်က။ အားလုံးကတော့ ၂၀ ကျော်အရွယ်တွေပဲ။ ခုတော့ မြို့မစခန်းမှာရှိတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်တာမျိုးမရှိပေမယ့် ရုံးရှေ့မျက်နှာစာမှန်ကွဲတာတွေဖြစ်ခဲ့ပြီး နောက်နေ့မှာ ရုံးမဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုပိုင် Mytel ရုံးကို ဖောက်ခွဲတိုက်ခိုက်တာဟာ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖ အဖွဲ့တို့ ပေါင်းလုပ်တာလို့ သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်သားတွေက ဒေသခံလူငယ်တွေကို စွပ်စွဲဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စက်တင်ဘာလကုန်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။