Home
ဆောင်းပါး
နောက်ဆုံးခံတပ်ကို ကာကွယ်ကြ
DVB
·
October 4, 2022

၁။

ကားပေါ်က ဆင်းလိုက်တဲ့အခါ နောက်မှာကျန်နေခဲ့တဲ့ စမ်းချောင်းလေးကို သတိရနေမိတယ်။  လှပတဲ့ အဲဒီစမ်းချောင်းလေးကို ကျနော့်အထင် လေးကြိမ်လောက် ကျော်ခဲ့ဖြတ်ခဲ့ပြီးမှ ဒီ“သပိတ်ဆေးစခန်း”ကို ရောက်လာတာပါ။ 

ကျနော်တို့ စီးလာတဲ့ ကားနှစ်စင်းက သစ်ပင်ချုံနွယ်တွေ ဖုံးသလိုဖြစ်နေတဲ့ ဒီကားလမ်းဟောင်းပေါ် ဒီနှစ် မိုးအကုန် အလောင်းတော်ကဿပဘုရားပွဲရာသီမှာ ပထမဆုံးရောက်လာတဲ့ သဘောပါပဲ။ အလောင်းတော်ကဿပ တောင်ပေါ်ဘုရားပွဲတော် ဖွင့်ပွဲမတိုင်ခင် ဆယ်ရက်ခန့်စောပြီး ရောက်လာကြတာပါ။ လမ်းခရီးမှာ မြေတူးစက်တစ်စီးနဲ့ လမ်းပြင်နေတာ တွေ့ခဲ့ရပါတယ်။  ကျနော်တို့ စီးလာတဲ့ ကားကလေးနှစ်စင်းက မြေအစိုဓာတ်ရှိနေပြီး ချုံတွေဖုံးနေသေးတဲ့ ကားလမ်းကလေးအတိုင်း သပိတ်ဆေးစခန်းထဲ ၀င်လာခဲ့ကြပါတယ်။

စခန်းထဲ ရောက်လာတော့ ပထမဆုံး သတိပြုမိတဲ့အချက်က သာယာလှတဲ့ ကျေးငှက်သံတွေပါပဲ။ ပြီးတော့ စခန်းထဲက တဲကလေးတွေ၊ သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ သစ်သားအိမ်သုံးလေးလုံး။ တဲအိမ်တွေနောက်  ခပ်နိမ့်နိမ့်မှာ ဆင်တွေရှိတဲ့ တဲတွေကို သစ်ပင်အုပ်အုပ်တွေကြားက လှမ်းမြင်ရပါတယ်။ ဒီဆင်တွေက သယ်ယူပို့ဆောင်ရေးနဲ့ ထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာနက စုဆောင်းမွေးမြူထားတဲ့ဆင်တွေဖြစ်ပါတယ်။

ဒီနှစ်ဒီရာသီ အလောင်းတော်ကဿပဘုရားပွဲမဖွင့်မှီ သီတင်းနှစ်ပတ် ၀န်းကျင်အလိုမှာ ဦးဦးဖျားဖျား ကျနော်တို့က တောင်ပေါ်ကိုရောက်လာကြတာလို့လည်း ဝိုင်းပြောကြပါတယ်။ ဒီဇင်ဘာလအကုန် ဇန်နဝါရီလဆန်းပိုင်းမှာ ဘုရားပွဲဖွင့်နိုင်ဖို့ အပူတပြင်းလမ်းတွေပြင်နေပါတယ်လို့လည်း ဆိုပါတယ်။ ဒီစခန်းဟာ အလောင်းတော်ကဿပဘုရား တောင်ပေါ်တက်တဲ့လမ်းရဲ့ ကားလမ်းအဆုံးနေရာပါပဲ။ အကယ်၍ ဘုရားဖူးကားများ တက်လာရင်လည်း ဒီစခန်းမှာပဲ ကားတွေရပ်ကြရမှာပါ။ ဘုရားကုန်းတော်ဆီ ရောက်ဖို့တော့ နောက်ထပ် တစ်မိုင်သာသာခရီး တောင်တက်လမ်းအတိုင်း ခြေလျင် ဒါမှမဟုတ် ဆင်နဲ့ပဲဖြစ်ဖြစ် ဆက်တက်ကြရမှာပါ။

လမ်းမှာ လေးကြိမ်လောက်ဖြတ်သန်းလာခဲ့ရတဲ့ စမ်းချောင်းက ဒီ သပိတ်ဆေးစခန်းဘေးကပဲ ဖြတ်စီးနေပါတယ်။ စခန်းထဲနဲ့ ဘေးပတ်၀န်းကျင်မှာ လူနှစ်ယောက် လက်ဆက်ပြီး ဖက်လို့ရတဲ့ သစ်ပင်အမျိုးမျိုးကို မြင့်မြင့်မားမား အပြိုင်းအရိုင်း တွေ့နေရပါတယ်။ ဒီလို နုပျိုထွားကျိုင်း တဲ့သစ်ပင်တွေကို မြေပြန့်က စတင်တက်လာကတည်းက ကြိုးဝိုင်းကြီးထဲ နေရာအနှံ့ တွေ့ခဲ့ရပါတယ်။ သစ်တွေ၊ ခုတ်လှဲဆွဲချထားတဲ့ ခြေရာလက်ရာ တစ်နေရာမှ မတွေ့ခဲ့ရတာရယ် ပတ်၀န်းကျင်က တကယ့်ကို အုံ့ဆိုင်းမှိုင်းညို့ စိမ်းလန်းလွန်းတာရယ်ကြောင့် ကျနော့်စိတ်တွေလည်း စိမ်းလန်းလန်းဆန်းလာခဲ့ရတာ အမှန်ပါပဲ။ 

၂။

အလောင်းတော်ကဿပဘုရားရှိရာ တောင်ပေါ်မတက်ခင် သပိတ်ဆေးစခန်းမှာပဲ ကျနော်တို့ ထမင်း စားကြပါတယ်။ကျနော်တို့အဖွဲ့မှာက ကိုအောင်သူငြိမ်း(ကဗျာဆရာ ယောဟန်အောင်)၊ ကျနော်တို့ကို စေတနာနဲ့ လိုက်ပို့ရင်း၊ ဘုရားပွဲ ကျင်းပနိုင်ရေးပြင်ဆင်မှုလုပ်ငန်းများ တာ၀န်အရ လိုက်လံကြည့်ရင်း ပါလာတဲ့ မုံရွာမြို့က ကိုသန်းဌေး၊ ကျနော်တို့နဲ့အတူ ရန်ကုန်ကလိုက်လာတဲ့ ကိုရဲအောင်နဲ့ ကိုသန်းဌေးရဲ့ ကားဆရာလေး၊ ခရီးသည် ၄ ယောက်။

လမ်းမှာ ကပိုင်စခန်းကနေပြီး ကျနော်တို့ကို စောင့်ကြိုရင်း သပိတ်ဆေးစခန်းအထိ လိုက်ပါလာတဲ့ သစ်တောဦးစီးဌာန၊ သဘာ၀၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်မှူး ဦးမောင်မောင်နိုင်တို့အဖွဲ့၊ စုစုပေါင်း လူ ၇ ယောက် ထမင်းဝိုင်းထိုင်စားကြပါတယ်။ 

ထမင်းစားနေစဉ် သဘာ၀န်းကျင်နှင့်သားငှက်တရိစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်မှူး ဦးမောင်မောင်နိုင် ပြောနေတဲ့စကားထဲမှာ ကျနော့်စိတ်ကို အထူးတလည် လှုပ်နှိုးလိုက်တဲ့ စကားကတော့ ဒီအမျိုးသားဥယျာဉ်ကြီးထဲမှာ ကျားတကောင်ဖြစ်မယ်ထင်ရတဲ့ သတ္တဝါရဲ့ ခြေရာလက်ရာတွေ တွေ့ထားတယ်ဆိုတဲ့ စကားပါပဲ။ 

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပုံညာတောင်ကြော အနောက်ဘက်နယ်နိမိတ်မှာ နွားပေါက်လေး တကောင်ကို ကျားဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ နွားကို ကိုက်ချီသွားပုံနဲ့ ခြေရာတွေကိုကြည့်တဲ့အခါ ကျားတကောင်ဖြစ်ဖို့ များတယ်လို့ ကျွမ်းကျင်သူများက ယူဆကြတဲ့အကြောင်း၊ WCS (သားငှက်ထိန်းသိမ်းရေးအဖွဲ့)နဲ့ ပူးပေါင်းပြီး ထောင်ချောက်ကင်မရာ အလုံး ၂၀ ချထားပြီး စောင့်ကြည့်လေ့လာဖို့ ပြုလုပ်ထားကြောင်း ဒီကင်မရာတွေကို ကျားလို့ ယူဆရတဲ့သတ္တဝါ သွားလာကျက်စားနိုင်ဖွယ်ရှိတဲ့ နေရာတွေမှာ ချထားခြင်းဖြစ်ကြောင်းနဲ့ ၄၅ ရက်ပြည့်တဲ့အခါ ကင်မရာတွေကို ပြန်လည်ဖြုတ်ကြည့် စစ်ဆေးကြမှာဖြစ်ကြောင်း ပြောပြနေတာကို ကြားခဲ့ရပါတယ်။ အကယ်၍သာ ကျားရှိတာ သေချာပြီဆိုတဲ့အဖြေ သိရရင်တော့ အဲဒီနေရာတဝိုက်ကို ကျားတွေ နေပျော်ကျက်စားဖို့ကောင်းတဲ့ အထူးနေရာဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ပြီး ရှားပါးလွန်းတဲ့ကျားကို ဘေးမသီရန်မခအောင် စောင့်ရှောက်ပေးသွားမယ် ဆိုတဲ့ စကားကိုလည်း ကြားခဲ့ရပါတယ်။

ဦးမောင်မောင်နိုင်ရဲ့ စကားကို ကြားတော့ ကျနော်တို့တော့ ဘုရားလည်းဖူး လိပ်ဥလည်း တူးခွင့်ကြုံတဲ့သဘော ဖြစ်လာတာမို့ စိတ်ထဲ တော်တော်ကျေနပ်ရပါတယ်။ အလောင်းတော်ကဿပဘုရားဖူးဖို့ တောင်ပေါ်တက်လာရင်းက အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးရဲ့ ထူးခြားလေးနက်လှတဲ့ အကြောင်းအရာတချို့ကိုလည်း မမျှော်လင့်ဘဲ သိခွင့်ရလိုက်တဲ့သဘောပါပဲ။

၃။

အမှန်အတိုင်း ပြောရရင်တော့ ကျနော်တို့ရဲ့ဒီခရီးဟာ နာမည်ကြီး အလောင်းတော်ကဿပ တောင်ပေါ် ဘုရားဖူးလာခဲ့တာပါပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီ အလောင်းတော်ကဿပဘုရားတည်ရှိရာ အမျိုးသားဥယျာဉ်ကြီးအကြောင်း ခရီးသွားဟန်လွဲ ကြားခဲ့ရ သိခဲ့ရတဲ့ အချက်အလက်တွေက ကျနော့်စိတ်ကို အဓိက လွှမ်းမိုးနေခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

မှန်ပါတယ်။ ကျနော်တို့ ခေတ္တထမင်းစားရပ်နားခဲ့တဲ့ သပိတ်ဆေးစခန်းကနေပြီး ဘုရားရှိရာ တောင်ထိပ်ကို ဆင်နဲ့ တက်သွားတဲ့အချိန်၊ ဘုရားဖူးတဲ့အချိန်၊ ပြန်ဆင်းလာတဲ့အချိန်၊ ကားပေါ် ပြန်တက်ပြီး မုံရွာမြို့ဆီ ပြန်လာနေတဲ့အချိန်တွေမှာ ကျနော့်ကို အကြီးအကျယ် လွှမ်းမိုးထားတဲ့ အကြောင်းအရာတွေက အဲဒီအလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးရဲ့ ထူးခြားလေးနက်ဖို့ ကောင်းတဲ့ အချက်အလက်တွေပါပဲ။

ဒီအမျိုးသားဥယျာဉ်ကြီးဟာ ၁၉၈၄ ခုနှစ်ကြကာမှ ကနီမြို့နယ် ပုထိုးကြိုးဝိုင်းနဲ့ မင်းကင်းမြို့နယ် တောင်တွင်းကြိုးဝိုင်းကို ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၈၉ ခုနှစ်ကျတော့ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီ ၁၉၈၉ ခုနှစ်ကျကာမှ သစ်ထုတ်လုပ်မှု ရပ်စဲခဲ့ပြီး ဒီအရင်က သစ်ထုတ်လုပ်အမျိုးသားဥယျာဉ်ကြီးဟာ ၁၉၈၄ ခုနှစ်ကြကာမှ ကနီမြို့နယ် ပုထိုးကြိုးဝိုင်းနဲ့ မင်းကင်းမြို့နယ် တောင်တွင်းကြိုးဝိုင်းကို ဘေးမဲ့တောအဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၈၉ ခုနှစ်ကျတော့ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီ ၁၉၈၉ ခုနှစ်ကြကာမှ သစ်ထုတ်လုပ်မှု ရပ်စဲခဲ့ပြီး ဒီအရင်က သစ်ထုတ်လုပ်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းကျတော့ အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာပြည်တင်မက တခြားအာစီယံနိုင်ငံတွေကြားမှာ ဘယ်ဒေသ ဘယ်တိုင်းပြည်နဲ့မှ မတူတဲ့ အချက်က ဒီအမျိုးသားဥယျာဉ်ကြီးမှာ သစ်တောအမျိုးအစား ၆ မျိုး ပေါက်ရောက်နေတယ်ဆိုတဲ့ အချက်ပါပဲ။ တခြားဒေသ တခြားသစ်တောတွေမှာကျတော့ အခုလို တနေရာတည်းမှာ သစ်တောအမျိုးအစား ၆ မျိုးစလုံး ပေါက်ရောက်လေ့မရှိဘူးလို့ ဆိုပါတယ်။ သစ်တော ၆ မျိုးစလုံး ပေါက်ရောက်တဲ့ သစ်တောဟာ အာစီယံနိုင်ငံတွေကြားမှာ ဒီအလောင်းတော်ကဿပ ဥယျာဉ်ကြီးတစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။

ကျွန်း၊ ပိတောက်၊ တမလန်း၊ သစ်ယာ၊ အင်ကြင်း၊ ပျဉ်းကတိုးအစရှိတဲ့ သစ်အမျိုးအစား ၄၆၅ မျိုးခန့်၊ ဝါးဘိုး၊ တင်းဝါး၊ မျှင်ဝါး စတဲ့ ဝါးအမျိုးအစား ၈ မျိုး၊ ကြိမ်အမျိုးအစား ၄ မျိုး၊ ရှားပါးသစ်ခွ ၄၉ မျိုး၊ ပရဆေးပင် ၁၄၃ မျိုး ပေါက်ရောက်နေတယ်လို့ သိရပါတယ်။

ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင်၊ ဆတ်၊ ဝက်ဝံ၊ ချေ၊ တောဝက်၊ တောင်ဆိတ်၊ တောခွေး၊ မျောက်အမျိုးမျိုးနဲံနှင့် တောကြောင်အမျိုးမျိုး၊ နို့တိုက်သတ္တဝါ ၃၄ မျိုး၊ အောင်လောင်၊ အောက်ချင်း၊ သစ်တောက်ငှက်၊ ဒေါင်း၊ ရစ်စတဲ့ ငှက်မျိုးစိတ် ၄၈၆ မျိုး၊ တွားသွားသတ္တဝါနဲ့ ကုန်းနေရေနေသတ္တဝါ ၉၄ မျိုး၊ အင်းဆက် ၄၂ မျိုးနဲ့ လိပ်ပြာမျိုးစိတ် ၂၅၀ မျိုးလည်း ရှိနေတယ်လို့ သိလာရပါတယ်။

အခုဆိုရင် ဒီအမျိုးသားဥယျာဉ်ကြီးထဲမှာ မျိုးသုဉ်းနေပြီဖြစ်တဲ့ ကျားပင်လျှင် ရှိကောင်းရှိနေပြီဆိုတဲ့ သတင်းကိုပင် ကျနော်တို့ ကြားခဲ့ရပါတယ်။

၄။

ကောင်းပါပြီ။ ဒီအလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကြီးဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အဖိုးမဖြတ်နိုင်တဲ့ အမျိုးသားအမွေအနှစ်ကြီး ဖြစ်တယ် ဆိုတာကတော့ ရှင်းပါပြီ။ အခုထက်အထိလည်း ဒီဥယျာဉ်ကြီးဟာ ကျနော်တို့တိုင်းပြည်ရဲ့ လုံးပါးပါးသွားခဲ့ကြပြီဖြစ်တဲ့ လုံးပါးပါးလုပြီဖြစ်တဲ့ ပဲခူးရိုးမလို အခြားသစ်တောကြီးတွေလို အဖြစ်ဆိုးမျိုး မကြုံလာသေးတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ဘယ်လောက်အထိ ကျနော်တို့ ဆက်လက်ထိန်းသိမ်းထားနိုင်ပါဦးမလဲ။

နှစ်ပေါင်း ၆၀ အတွင်း ကျနော်တို့ရဲ့ အမျိုးသားအမွေအနှစ်တွေဖြစ်တဲ့ သစ်တောကြီးတွေ ကျနော်တို့ မျိုးဆက်တစ်ခုရဲ့ မျက်စိအောက်မှာတင် ဘာဖြစ်သွားခဲ့ကြသလဲ။ ပဲခူးရိုးမသစ်တောကြီး တောင်ကတုံး ဖြစ်သွားခဲ့တာ ဘာကြောင့်လဲ။ တခါ ဒီအလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးနဲ့ မလှမ်းမကမ်းက မြန်မာတို့ရဲ့ အမျိုးသားရတနာတစ်ပါးဖြစ်တဲ့ ကြေးနီတောင်ကြီး ဘယ်လိုအခြေအနေဆိုက်ခဲ့ကြရသလဲ။

တချို့ကတော့ ပြောကြပါတယ်။ စီးပွားရေးဝိသမလောဘသားတွေဟာ ခေတ်အဆက်ဆက် တခြားသစ်တောတွေကိုတော့ မျက်စိကျခဲ့ကြပြီး ဒီ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးကိုကျတော့ ဘာဖြစ်လို့ မျက်စိမှောက်နေကြပါလိမ့်တဲ့။ ကျနော်ကတော့ မထင်ပါဘူး။ မကြာခင် မြန်မာ့သစ်တောများရဲ့ နောက်ဆုံးလက်ကျန် ဒီအလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးကို အသိစိတ်ဓာတ်နိမ့်ကျမွဲကျံလှတဲ့ စီးပွားရေးလောဘသားတွေဟာ ကိုယ်တိုင်ပဲဖြစ်စေ ပြည်ပစီးပွားရေးသမားတွေနဲ့ လက်ဝါးချင်းရိုက်လို့ဖြစ်စေ၊ ဒီသစ်တောကြီးဆီ အနှေးနဲ့ အမြန် ရောက်လာကြတော့မယ်လို့ မြင်နေမိပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေဟာ ဒီလိုလောဘသားတွေကို တင်းတင်းရင်းရင်း တားမြစ်နိုင်စွမ်းတဲ့အခြေအနေ မရှိသေးဘူးလို့လည်း ကျနော် မြင်ပါတယ်။ အခုပင်လျှင် သစ်ခိုးထုတ်ဂိုဏ်းတချို့ ဖမ်းဆီးရမိတဲ့ သတင်းနဲ့ ဒီသစ်တောကြီးထဲ နည်းမျိုးစုံ ထိုးဖောက်၀င်ရောက်နေရာယူဖို့ ကြိုးစားနေကြတဲ့ သတင်းတွေ နားစွန်နားဖျား ကြားလာနေရပြီပဲ။ မကြာခင် ကျရောက်လာနိုင်ဖွယ်ရှိတဲ့ စီးပွားရေးသမား ဝိသမလောဘသားတွေရဲ့အန္တရာယ်ကို ဦးမောင်မောင်နိုင်တို့လို သစ်တောဌာန တာ၀န်ရှိသူတွေလောက်နဲ့ မုံရွာမြို့က အနည်းအကျဉ်းမျှသော တာ၀န်ရှိသူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လုံလောက်တဲ့ ခုခံကာကွယ်မှု ပြုနိုင်ကြပါ့မလား။ မသေချာလှပါဘူး။

ဒါကြောင့်မို့ မိတ်ဆွေကြီး ကဗျာဆရာ ယောဟန်အောင်(ကိုအောင်သူငြိမ်း) ပြောသလို ပြောရရင် မှန်ပါတယ်။ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကြီးဟာဖြင့် ကျနော်တို့ နိုင်ငံသစ်တောများရဲ့ “နောက်ဆုံးခံတပ်သစ်တောကြီး”သာ ဖြစ်ပါတယ်။ တိုင်းပြည်အခြေအနေ ယိုယွင်းယိမ်းယိုင်နေတဲ့ ဒီလိုအခြေအနေမျိုးမှာတော့ အဲဒီ နောက်ဆုံးခံတပ်ကြီး အချိန်မရွေး ပြိုလဲသွားနိုင်တာမို့ စိတ်မကောင်းဖြစ်နေမိပါတယ်။     ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024