ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော်မနီလာက အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အဓမ္မခိုင်းစေခံနေရတဲ့ တရားမဝင်လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား ၂၉ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက စက်တင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။
ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာမှုနဲ့ လူသတ်မှု တိုင်ကြားချက်တွေကြောင့် ဖိလစ်ပိုင်ကမ်းလွန်လောင်းကစားလုပ်ငန်းများ (POGOs) အမည်ခံ ကုမ္ပဏီတစ်ခုကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာကနေ အခုလိုကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မတရားထိန်းသိမ်းခိုင်းစေခံထားရသူတွေဆီကနေရတဲ့ရတဲ့ သတင်းတွေပေါ်မူတည်ပြီး နောက်ထပ်စစ်ဆေးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ တရားဝင် ဖိလစ်ပိုင်ကမ်းလွန်လောင်းကစားလုပ်ငန်းတွေလို့ အမည်ခံပြီး လူကုန်ကူးမှုအပါအဝင် တရားမဝင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြရတာဖြစ်ပါတယ်။
သူတို့ကို ဖောက်သည်တွေကို ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းအတွက်ဆိုပြီး အလုပ်ခေါ်ခဲ့တာကြောင့် ဒူဘိုင်းကနေ ဖိလစ်ပိုင်ကို မတ်လထဲမှာ ရောက်ရှိခဲ့တာဖြစ်တယ်လို့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်က ပြောပါတယ်။
အလုပ်ရှင်က သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းယူထားပြီး တစ်ရက်ကို ၁၄ နာရီ အလုပ်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။
သူတို့လုပ်ရတာက အင်တာနက်မှာ လိုက်လံစကားပြောဆိုကာ အချဉ်ဖမ်းလို့ရနိုင်မယ့်သူတွေကို သူတို့ရဲ့ ဂိမ်းတွေကစားခိုင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လှည့်ဖျားမဲဆွယ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနောက်သူတို့ကို တခြားအလားတူကုမ္ပဏီဆီမှာ ပီဆို ၃ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅၉၀၀၀ ကျော်ခန့်) နဲ့ ရောင်းစားခံရပြီး ကုမ္ပဏီအသစ်က အဲဒီငွေရအောင် ပြန်ရှာပေးရမယ်လို့ သူတို့ကို ဖိအားပေးခိုင်းစေထားတယ်လို့ ဖိလစ်ပိုင်သတင်းမှာ ဖော်ပြပါတယ်။