အောက်တိုဘာ ၂ ရက်နေ့ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်ဝိုင်းနားမှာ ကချင်လူငယ်တယောက်ကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၅၀ လောက်ပါတဲ့ စစ်သားတွေဟာ မနေ့က ည ၉ နာရီကျော်က မြို့မရပ်ကွက်၊ ဖားကန့်ကျောက်ဝိုင်းတဝိုက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး မရပ်တဲ့သူတွေကို သေနတ်နဲ့ လိုက်ပစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ည ၁၀ နာရီခွဲလောက်မှာ အသက် ၂၅ နှစ် အရွယ် မရန်ဆိုင်းဂူကို ပစ်သတ်ခဲ့ပြီး အလောင်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
“အလောင်းကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ဆေးရုံမှာရော ရဲစခန်းမှာရော လိုက်ရှာတာပဲ။ သူ့မိဘတွေလည်း ညကတော့ ကောင်လေးတယောက် ပစ်သတ်ခံရတာပဲ သိပြီးတော့ မနက် ၉ နာရီထိ မသိသေးတာ။ ညက ဖားကန့်ဆေးရုံကို ကျည်ဆန်ရာနဲ့ အလောင်းတလောင်း ရောက်လာတယ်၊ အင်္ကျီအနက်နဲ့ ဘောင်းဘီတို ဝတ်ထားတယ် ဆိုပြီးသိရမှ သူတို့သားမှန်း သိတာ။ အခုထိတော့ အလောင်းလုံးဝ ရှာမတွေ့သေးဘူး။ အလောင်းရဖို့ လိုက်စုံစမ်းနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ညက ဖားကန့်ကျောက်ဝိုင်းအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး သေနတ်သံတွေ ဆက်တိုက်ကြားရသလို နေအိမ်တချို့ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ထဲ ကင်းလှည့်စစ်ဆေးတာတွေ လုပ်နေပြီး ညတိုင်းလည်း သေနတ်သံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။