
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ(၁) သထုံခရိုင်အတွင်းရှိတဲ့ တော်လှန်အင်အားစုအဖွဲ့ပေါင်း ၂၅ ဖွဲ့ စုပေါင်းပြီး မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကေအန်ယူ သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက အေက်တိုဘာ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
အဲဒီမိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုကို စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လေးရက်တာ ကျင်းပခဲ့တဲ့ ကေအန်ယူသထုံခရိုင်နယ်မြေအတွင်း အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ၊တာဝန်ခံတွေနဲ့ ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ တတိယအကြိမ်မျက်နှာစုံညီ အစည်းအဝေးအပြီးမှာ ဖွဲ့စည်းလိုက်တာပါ။
မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းရတာဟာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေ တစ်ခုတည်းသောကွပ်ကဲမှု စုပေါင်းဦးဆောင်မှုနဲ့ ဘုံရန်သူတွေကို စနစ်တကျ တော်လှန်ဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့ ကေအန်ယူ သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဖွဲ့စည်းလိုက်တဲ့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုဟာ ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်း စစ်ကောင်စီကို တညီတညွတ်တည်း တော်လှန်ဖို့အတွက် ရှေ့လုပ်ငန်းစဉ် ၉ ရပ်ကိုလည်း ချမှတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအတွင်း ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ ကတိကဝတ်ပြုလုပ်ထားသလို အသိအမှတ်ပြုမှတ်ပုံတင်ကတ်ပြားတွေလည်း ထုတ်ပေးထားပါတယ်။
ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်မှာ စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် ကေအန်ယူ လက်အောက်ခံ တပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အာဏာသိမ်စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေတာပါ။