DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်ပိုင် ရွှေတုံး ရွှေခဲများကိုရောင်းစားသူများနှင့် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု NUG သတိပေး
DVB
·
October 3, 2022
နိုင်ငံတော်ပိုင် ရွှေတုံး ရွှေခဲများကိုရောင်းစားသူများနှင့် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု NUG သတိပေး
Donate to DVB

နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားတွေ၊ ရွှေစင်ချောင်းတွေ၊ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းစားရာမှာ တာဝန်ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ အရာရှိကြီးတွေနဲ့  ပါဝင်ပတ်သက်သူအားလုံးကို  တည်ဆဲဥပဒေတွေအရ အရေးယူ သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတော်ပိုင်ရွှေတွေရောင်းချတဲ့ စီမံချက်မှာ ပါဝင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော် ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူအဆင့် အရာရှိကြီးတွေနဲ့ ပါဝင်ပတ်သက်သူတွေ အားလုံးကို တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာချက်မှာဖော်ပြပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူတရပ်လုံးကို နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုပ်စွာ ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီအတွက် လိုအပ်နေတဲ့ငွေကြေးတွေကို စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေက နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ရောင်းချပြီး ရှာဖွေပေးနေတာဖြစ်တဲ့အတွက် အခုလို အရေးယူဖို့လုပ်ဆောင်တာဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ   ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို   စျေးပြိုင်တင်ဒါလေလံစနစ်နဲ့  စက်တင်ဘာ ၂၉ ရက်က စတင် ရောင်းချပေးမယ်လို့ စစ်ကောင်စီက အသိပေး ကြေညာထားပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို  စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကနေ ၃ နာရီအတွင်း သယံဇာတနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမယ်လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့  ရွှေဈေးနှုန်း မြင့်တက်နေတာကို ထိန်းညှိဖို့  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကိုလည်း ထုတ်ရောင်းပေးနေတာလို့လည်း ထုတ်ပြန်ထားပါတယ်။ 

မြန်မာ့အခေါက်ရွှေစျေးဟာ တကျပ်သားကို ကျပ် သိန်း ၃၀ ကျော်အထိစံချိန်တင်မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကတော့  ကျပ် ၂၅ သိန်းအောက်အထိ ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013