
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီက အတင်းအကျပ်ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေပေမဲ့ စစ်ဘေးရှောင်တွေကတော့ ရွာတွေမှာ ဘေးကင်းလုံခြုံမှုမရှိတာကြောင့် စစ်ကောင်စီတပ်တွေ ရှိနေသရွေ့ နေရပ်မပြန်လိုဘူးလို့ ပြောကြပါတယ်။
ဘူးသီးတောင်မြို့မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ထားကြဖို့နဲ့ ပြန်မယ့်အိမ်ထောင်စုတစ်စုကို နေအိမ်ပြုပြင်စရိတ် ကျပ် ၆ သိန်းစီပေးမယ်လို့ စက်တင်ဘာနောက်ဆုံးပတ်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးအပါအဝင် ထွေအုပ်တာဝန်ရှိသူတွေက ပြောထားတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ဥယာဉ်သာကျေးရွာသူ ဒေါ်မသိန်းယဉ်က “ကျမတို့ ရွာကိုပြန်ရင် နေစရာနေအိမ်လည်းမရှိတောဘူး။ လုပ်စားစရာနေရာနဲ့ ကျွဲ၊နွားတွေလည်း မရှိတောဘူး။ ရွာကိုပြန်ရင်၊ အဲဒီနေရာတွေမှာ မိုင်းတွေလည်းရှိနိုင်တယ်။ ကလေးတွေအတွက် အလွန်စိုးရိမ်စရာပါ။ ကျမတို့ကျေးရွာအနီးက ၃၁ ဘုံမှာ စစ်တပ်က တပ်စွဲထားတုန်းပါ။ အဲဒီလိုနေရာတွေက စစ်တပ်တွေ နောက်ဆုတ်မပေးသရွေ့ ကျမတို့လုံးဝအိမ်မပြန်ရဲပါ”လို့ ပြောပါတယ်။
အလားတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
ကျောက်တော်စစ်ဘေးရှောင်စခန်းမှ အသက် ၅၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးကြီးတဦးက "ကျမတို့ နေအိမ်ပြန်ရင်လည်း ကျမတို့ ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေ မရှိတောပါဘူး။ လက်နဲ့ဖဝါး ဘဲကျန်တောတာ”လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေ မူလနေရပ်သို့ ပြန်နိုင်ဖို့ ကျေးရွာတွေအနီးရှိ စစ်ကောင်စီတပ်တွေ ယာယီတပ်စခန်းတွေကနေ မိခင်တပ်ရင်းသို့ ပြန်သွားကြဖို့၊ မိုင်းတွေနဲ့ စစ်လက်နက်အ ကြွင်းအကျန်အားလုံး ဖယ်ရှားပေးဖို့၊ လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ မီးရှိုခံခဲ့ရတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ပေးဖို့နဲ့ စားနပ်ရိက္ခာဖုံလုံစွာ လုပ်ပေးဖို့၊ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံရေး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးဖို့စတဲ့ အချက်တွေကို စစ်ဘေးရှောင်တွေက အလိုရှိနေတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ဥယာဥ်သာကျေးရွာသား ဦးအောင်သိန်းက "ကျနော်တို့မှာ လုပ်စားမယ့် ယာခင်းတွေ၊ နေထိုင်မယ့် အိုးအိမ်ကအစ ဘာမှမရှိတော့ဘူး။ ဒါကြောင့်နေပြန်ဖို့ အခက်အခဲများစွာရှိပါတယ်။ ကျနော်တို့ရွာမှာ လက်နက်ကြီးကျလို့ ပျက်စီးသွားတဲ့ နေအိမ်တွေလည်းရှိတယ်။ မီးရှို့လို့ ပျက်စီးသွားတဲ့နေအိမ်တွေလည်းရှိတယ်။ အဲဒီနေအိမ်တွေမှာ ဘယ်လိုမှ လူနေထိုင်လိုမရနိုင်တော့ပါဘူး။ ကျနော်တို့ နေရပ်ပြန်ဖို့အတွက် နယ်မြေသန့်ရှင်းပေးရမယ်။ နေအိမ်တွေတည်ဆောက်ပေးရမယ်။ စားဝတ်နေရေးဖုံလုံ အောင် ထောက်ပံ့ပေးရပါမယ်။ ဒါမှနေအိမ်ကိုပြန်နိုင်မှာပါ။ နောက်ပြီး ယာယီချထားတဲ့ တပ်စခန်းတွေကိုပါ ရုပ်သိမ်းပေးဖို့လိုသလို မိုင်းနဲ့လက်နက်အကြွင်းအကျန်တွေပါရှင်းပေးဖို့ လိုပါတယ်”လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ ရခိုင်ပြည်နယ်ရှိ ၁၀ မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပြီး ဒီအထဲမှာ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တို့မှာ အသစ်ထပ်မံ နေရပ်စွန့်ခွာလာရသူ စစ်ဘေးရှောင် ၄၉၅၉ ဦးအထိရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။