
ကချင်ပြည်နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒေသခံ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ ကိုသန်းစိုး(ခ)ဘကြီးမှုံရဲ့ သား အပါအဝင် အမျိုးသား ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ဒေသခံ တဦးက ပြေပါတယ်။
"ကိုသန်းစိုးရဲ့ အိမ်ဖျက်ခံရတော့ သူ့သားလည်း ရှောင်နေရင်း မိုးညှင်းမှာ အဖမ်းခံရတာ။ နောက်ပြီး ဒေသခံ အမျိုးသား နှစ်ယောက်လည်း ထပ်အဖမ်းခံရတယ်။ ဘာကြောင့် ဖမ်းတယ်ဆို တာ မသိရဘူး"
ကိုသန်းစိုးရဲ့ သားဖြစ်သူ ကိုကောင်းကင်ကြီး အပါအဝင် ကိုမျိုးဆွေဦး၊ ကိုစိကွေး(အရပ်ခေါ်) တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကိုကောင်းကင်ကြီးရဲ့ ဖခင်ဖြစ်သူ ဦးသန်းစိုး (ခ)ဘကြီးမှုံရဲ့နေအိမ်ကို စက်တင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ် လမ်းပိတ်ဆို့ပြီး PDFထောက်ခံတဲ့ အိမ်ဟုဆိုကာ ဘူဒိုဇာဖြင့် ဖြိုချ ဖျက်ဆီးခဲ့ တာပါ။
နန်းမားမြို့နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်းလူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်း၊ ပရဟိတ လုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဌေးဦးနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေအပါအဝင် ဒေသခံ ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။