ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေဟာ ရက္ခိုင့်တပ်တော်ရဲ့ ဖမ်းဆီးခံရမှာကို ကြောင့်ရွံ့တာကြောင့် ညအချိန် မြို့တွင်းမှာ မနေရဲတော့ဘဲ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကိုသွားရောက်ပြီး နေရာပြောင်း အိပ်နေကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ မြို့သူကြီးကျေးရွာမှာ တည်ဆောက်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကို နေရာပြောင်း အိပ်နေကြရသူတွေဟာ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တခြား အရာရှိ၊ အရာခံတွေ ပါဝင်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“ညနေ လမ်းလျှောက်သွားရင် မြင်နေရတာပဲလေ။ ခရိုင်မှူးမိသားစုတွေ၊ နောက် ရဲအရာရှိတွေနဲ့ တရားသူကြီးတွေလည်း တွေ့ရတယ်။ ကိုယ့်ကားနဲ့ကိုယ် ညနေ ၆ နာရီမထိုးမီ (နခခ-၅) ထဲ ဝင်သွားကြတာ။”
မောင်တောဒေသမှာ စစ်ကောင်စီဒေါက်တိုင် အရာရှိတွေကို ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးလေ့ရှိသလို စစ်ကောင်စီကလည်း အေအေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးဖို့ ရှာဖွေနေတာဖြစ်ပါတယ်။
ဒေသခံတဦးက “မောင်တောက စစ်ကောင်စီအရာရှိတွေက ညအချိန် မြို့တွင်းမှာ မနေရဲကြတော့ဘူး။ အေအေတပ်ဖွဲ့တွေ ဝင်စီးပြီး အဖမ်းခံရမှာ စိုးရိမ်နေကြတာ တွေ့ရတယ်။ အေအေနဲ့ ပတ်သက်သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်နေကြရတယ်။ စစ်ကောင်စီက စာရင်းနဲ့ အတိအကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တွေ့တာနဲ့ ဖမ်းဆီးနိုင်ဖို့ ညွှန်ကြားထားတာ။ သူတပြန် ကိုယ်တပြန် အနေအထားပေါ့ဗျာ။”
ရက္ခိုင့်တပ်တော်ရဲ့ ပဥ္စမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ မောင်တောဒေသကို စစ်ရေးအသာစီး ရရှိထားကြောင်း အေအေ ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားတာပါ။
လက်ရှိ ပကတိ မြေပြင်အခြေအနေမှာလည်း စစ်ကောင်စီရဲ့ နယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကျီးကန်းပြင် စစ်ဆေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်တွေက ရခိုင်ကျေးရွာတွေကို စားနပ်ရိက္ခာသယ်ယူခွင့် လုံးဝပိတ်ထားပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကလည်း စစ်ကောင်စီတပ်တွေအတွက် ရေကြောင်း၊ ကုန်းကြောင်းက ပို့ဆောင်တဲ့လက်နက်၊ စားနပ်ရိက္ခာတွေကို ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိတယ်လို့ စစ်ရေးလေ့လာသူတွေထံက သိရပါတယ်။