
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နဲ့ အလုံမြို့နယ်တို့မှာ စက်တင်ဘာ ၃၀ ရက် ညပိုင်းက ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ် ဝါယာလက်ရှိ ရေကြည်အိုင်ရပ်ကွက် သစ္စာလမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ည ၈ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရပ်ကွက်နေ သူတစ်ဦးက ပြောပါတယ်။
"ဗုံးနဲ့အပစ်ခံရတာ ဗုံးက ရုံးကို ကျပြီး ထပေါက်တာ လူနာတင်ယာဥ်တွေနဲ့ လာသယ်သွားတာ တွေ့တယ်။ လက်လုပ်ဗုံးနဲ့ပစ်တာ မဟုတ်ဘူး။ လက်ပစ်ဗုံးနဲ့အပစ်ခံရတာ။”
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ပြီး ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့တယ် လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အလားတူ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ နှင်းဆီကုန်းလမ်းမှာလည်း မနေ့ည ၉ နာရီ ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"ညက ၉ နာရီကျော်လောက်မှာ ရွှေမင်္ဂလာ Foot Massage ဆိုင်ရှေ့မှာ ဗုံးပေါက်တာ။ လူထိ လား၊ မထိလားတော့ မသိဘူး။ ဆိုင်ရဲ့ မှန်တံခါးတွေတော့ ကွဲကုန်တယ်"
အဆိုပါ ဗုံးပေါက်ကွဲမှုတွေမှာ လူတွေထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ရန်ကုန်ရှိ မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၇ ကြိမ်ဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်အပါအဝင် ၁၅ ယောက် သေဆုံးကာ ၂၆ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။