DVB Logo
Home
မြန်မာသတင်း
အကူအညီမဲ့နေသည့် မြန်မာပြည်သူများကို ဥပေက္ခာပြုမထားရန် ကုလညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို
DVB
·
October 1, 2022
အကူအညီမဲ့နေသည့် မြန်မာပြည်သူများကို ဥပေက္ခာပြုမထားရန် ကုလညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို
1 / 2
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်ကြောင်းနဲ့ မြန်မာပြည်တွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် အချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စပ်လျဉ်းပြီး အထွေထွေဆွေးနွေးမှုအစီအစဉ်အဖြစ် စက်တင်ဘာ ၃၀ ရက်က မိန့်ခွန်းပြောကြားရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်စစ်အာဏာသိမ်းချိန်ကစတင်ပြီး  အခြေအနေတွေ ဆိုးရွားနေပြီး ပြည်သူတွေယနေ့တိုင် ခက်ခဲစွာဖြတ်သန်းနေရကြောင်း၊ ရွေးကောက်ခံအရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊  အလုပ်အကိုင်ရရှိရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတာတွေမှာ တိုးတက်ခဲ့ပေမဲ့  တရားမဝင်စစ်အာဏာသိမ်းမှုက အဆိုပါတိုးတက်မှုတွေကို ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ပြည်သူတွေဟာ လုံခြုံရေးကအစ စီးပွားရေးအခက်အခဲတွေအပါအဝင် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေ ဆိုးရွားစွာ ချိုးဖောက်ခံနေရကြောင်း သံအမတ်ကြီးကပြောပါတယ်။

မြန်မာစစ်တပ်ဟာ လွန်ခဲ့သော ၁၉  လအတွင်း တရားမဝင် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို ဖျက်ဆီးခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတွေကို ကျူးလွန်ခဲ့ကြောင်း၊ ဒီ ပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇတ်မှုမြောက်နေပြီဖြစ်ကြောင်း၊ အခုမိန့်ခွန်းပြောကြားနေချိန်မှာ မြန်မာနိုင်ငံမှဦ လူပေါင်း ၂,၃၀၀ ကျော် သတ်ဖြတ်ခံထားရကြောင်း၊ နေရပ်စွန့်ခွာသူ ၁ ဒသမ ၃ သန်းကျော်ရှိပြီး၊ ပြည်သူ ၁၄သန်း ကျော် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။ 

ဒါ့အပြင် စစ်တပ်ရဲ့  အကြမ်းဖက်မှုတွေကြောင့် နေအိမ် ၂၈,၀၀၀ ကျော် ဖျက်ဆီးခံရပြီး၊ ကျေးရွာတွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရကာ၊ ကလေးငယ် ၃၈၀ ကျော် သတ်ဖြတ်ခံရတာနဲ့ ကလေးငယ် ၁,၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ဆိုပါတယ်။

အခုအချိန်မှာ စစ်တပ်ရဲ့ သတ်ဖြတ်တာခံခဲ့ရတဲ့ က‌လေးငယ်တွေရဲ့ မိဘတွေအနေနဲ့ ဘယ်လောက် ဝမ်းနည်းကြေကွဲနေမယ်ဆိုတာ မတွေးဝံ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက်က  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူစုစုပေါင်း  ၁၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့တဲ့ ကလေးငယ်တွေထဲမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တောင်ပါဝင်ပြီး အဆိုပါတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဒီအတွက် ချေပနိုင်ခြင်း မရှိသကဲ့သို့ ဆင်ခြေအကြောင်းပြချက် တစ်စုံတစ်ရာပေးလို့လည်း မရနိုင်ဘူးလို့ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာပြောကြားသွားပါတယ်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတွေကို ကမ္ဘာ့ နိုင်ငံအလိုက် ခေါင်းဆောင်တွေနဲ့ ဝန်ကြီးအဆင့်တာဝန်ရှိသူတွေက လာရောက်မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်တွေကတော့ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာနိုင်ငံက ရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင်တွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ အတွက်လာရောက်မိန့်ခွန်းပြောကြားခွင့်မရတာ ၂ နှစ်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။  

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပင်မကော်မတီ အစည်းအဝေးတွေမှာတော့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေကိုယ်စား မိန့် ခွန်းပြောကြားခွင့်ရနေတာဖြစ်ပါတယ်။  ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားဖို့ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထုတွေက နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Photo Credit- Myanmar Mission Newyork

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013