
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာတံတားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ထုတ်ပြန်ပါတယ်။
“ကာတွန်းပဒေသာမိုင်း ၁၀၀ စစ်ဆင်ရေး” အဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃ ယောက်သေဆုံးပြီး ပြင်းထန်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မိုင်းခွဲခံရလို့ သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရေအတွက်နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) အနေနဲ့ “ကာတွန်းပဒေသာမိုင်း ၁၀၀ စစ်ဆင်ရေး” ကို အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်တော်သားတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်သွားလာတာကို သတိကြီးစွာ ပါးပါးနပ်နပ်နဲ့ ရှောင်တိမ်းသွားလာကြဖို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က အထူးအသိပေး မေတ္တာရပ်ခံထားပါတယ်။