
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေးအခြေအနေအရ ဧရာဝတီမြစ်ကြောင်းအတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိ ရေယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ငါးပတ်ချောင်းရွာ၊ ကူကြီးရွာ၊ သစ်ဆိပ်ရွာ၊ ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာ၊ ရေဂမိုးရွာ၊ ရှားကွဲရွာနဲ့ ထုံးဘိုရွာတို့ အနီးမှာ သတ်မှတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အခြေနေအရ အကန့်သတ်မရှိ ယာယီပိတ်ထားရတဲ့ သဘောပါ။ ဒါကလည်း ပြည်သူကို အန္တရာယ်မရှိအောင် ထုတ်ပြန်ရတာပါ။ အန္တရာယ်ကင်းရှင်းနိုင်မယ့် အခြေအနေရောက်ရင်တော့ ကန့်သတ်တာကို ပြန်ရုပ်သိမ်းပြီး သွားလာနိုင်ဖို့ ပြန်လည်ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အထူးသဖြင့် တံငါလှေတွေ၊ ပိုက်မျောလှေတွေနဲ့ ကျွန်းပေါ် တောင်သူလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားတာ တွေ့ရပါတယ်။
ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်ကလည်း ဧရာဝတီမြစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စက်လှေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။