
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် နေလယ် ၂ နာရီခွဲ လောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။
မောင်းဆွဲရွာနားမှာ နေ့လယ်ပိုင်းက ပေါက်ကွဲသံ တခုဖြစ်ပေါ်ပြီးနောက် မြောက်ဦးအခြေစိုက် ခမရ-၃၇၈ က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ရွာထဲမှာ လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲပြီး အသက် ၁၄ နှစ် ကျောင်းသူ တယောက် နဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေး တယောက် ထိခိုက်ဒဏ်ရာ ရရိုခဲ့တာပါ။
မောင်းဆွဲရွာသား တဦးက "နေ့လယ်ပိုင်းက ရွာနားမှာ ပေါက်ကွဲမှုတခုဖြစ်တယ်။ မိုင်းပေါက်တာ လားတော့ အတိအကျ မပြောနိုင်ဘူး။ အဲဒီပေါက်ကွဲဖြစ်ပြီး သိပ်မကြာဘူး ခမရ ၃၇၈ တပ်က လက်ကြီးနဲ့ ပစ်တော့တာပဲ။ အဲဒီပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရွာအနောက်ဘက်က အိမ်တဆောင်မှာကျပြီး ကလေး ၂ ယောက် ထိတယ်။ အိမ်လည်း ပျက်စီးသွားတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တာတော့ မရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ၈ တန်းကျောင်းသူ မခင်းမိုးအေး (၁၄ နှစ်) မှာ ရင်ဘက်နဲ့ မမြင့်မြတ်ခိုင် (၃ နှစ်) မှာ ဦးခေါင်း ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။
သူတို့ ၂ ယောက်ကို လူမှုကူညီရေးကားနဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစားပေမယ့် အသွားအလာ တားမြစ်ထားလို့ ဆေးကုသခွင့် မရဘဲ ရွာက စိုက်ခင်းထဲမှာပဲ နေနေကြရတယ်လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် မောင်းဆွဲ ကျေးရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမဖြစ်ဘဲ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်က ကျေးရွာတွေကို နေ့စဥ်ရက်ဆက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးသူ ၆ ယောက်နဲ့ ထိခိုက် ဒဏ်ရာ ရသူ ၂၃ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင် ၉၀၀၀ နီးပါးအထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။