
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကို စက်တင်ဘာ ၂၉ ရက် မနက် ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)က ပြောပါတယ်။
ငှက်ပျောတိုင်းရွာအဝင်မှာ တစ်ကြိမ်၊ မူးဘောင်ဘေးမှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “ပထမငှက်ပျောတိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကို ကျနော်တို့ တန့်ဆည်မြို့နယ် ပကဖတွေက တိုက်မိုင်း ၅ ပွိုင့်နဲ့ ကြိုတင်ထောင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာက ကျွန်းလည်ရွာက ပျူစောထီး ၁၀ ကောင် အတည်ပြုနိုင်တယ်။ အဲဒီစစ်ကြောင်းက မှော်တော၊ တောက္ကရှပ် ကျေးရွာတွေက ပျူစောထီးအဖွဲ့ဝင်တွေလည်း လမ်းပြပါနေတယ်ဗျ။ အဲတိုက်ပွဲဖြစ်ပွားရာနေရာကနေ မူးဘောင်ဖြတ်ပြီးတက်လာတာကို ဒေသခံတော်လှန်ရေး အဖွဲ့ပေါင်းစုံက ကြိုတင်နေရာကောင်းယူပြီး ထပ်မံမိုင်းဆွဲတိုက်ပွဲဖြစ်တာ စစ်ကောင်စီတပ်က ၂၀ လောက်ထပ်မံ ကျဆုံးတယ်။ စစ်ကောင်စီဘက်က စုစုပေါင်းဒီနေ့ တစ်ရက်တည်းကို ၃၀ သေဆုံးတယ်။ ကျနော်တို့ အဖွဲ့တွေဘက်က မိုင်းကို အားထားတိုက်ခိုက်ခဲ့တာမို့ အထိအခိုက် သေဆုံးမရှိခဲ့ဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်က တန်ဆည်မြို့နယ်မြောက်ပိုင်းကို အခုရက်ပိုင်အတွင်းစစ်ကြောင်းထိုးတာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။
အခုလိုစစ်ကြောင်းထိုးတာဟာ စစ်ကောင်စီတပ်က ရေနံမှော် လမ်းကြောင်းကို စိုးမိုးနိုင်ဖို့ အပြင်းထန်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုပြုသွားလာကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။