Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်တပ်ထောင်ထားသည့်မိုင်း နင်းမိပြီး လူငယ် ၁ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
September 29, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး လူငယ်တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်မှာ ဒီနေ့ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်မှာ သာလီစွကားဝပ်ရှော့ဆိုင်နားက ဝါယာရိန်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ နှစ်အရွယ် မောင်သန်းနိုင်ကျော်ဟာ နာရေးကူညီမှုရုံးနဲ့ သင်္ချိုင်းကြားမှာ အပေါ့သွားတဲ့အချိန် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ခြေထောက် ၂ ဖက်လုံး ပြတ်ထွက်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီလူငယ်လေးကို ကရုဏာလှိုင်း သွေးလှူရှင်များအသင်းရဲ့ လူနာတင်ယာဥ်နဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ကြတယ်။ အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာကို စစ်(...)တွေ အများအပြား ရောက်နေတယ်။ ဆေးရုံမှာလည်း စစ်(...)တွေအများကြီး နေရာယူထားကြတယ်။”

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးပြီး ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ အရင်ကလည်း ပြည်သူလူထုကို အကြိမ်ကြိမ် သတိပေးထားပြီး စစ်ကောင်စီတပ်ဟာ အရင်က သူတို့ စခန်းချတပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေကို ပစ်စလက်ခတ်ထောင်ထားခဲ့သလို စည်းမဲ့ကမ်းမဲ့ စွန့်လွှတ်မိုင်းတွေကြောင့် ​ရခိုင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မြေမြှုပ်မိုင်းဒဏ်ကို ပြည်သူတွေ ဆိုးဆိုးရွားရွား ခံစားနေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024