Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို အရေးမယူသည့် နိုင်ငံတကာအဖွဲ့အစည်း များကို အယုံအကြည်မရှိဟု ဗိုလ်နဂါးပြော
DVB
·
September 29, 2022

စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးမယူခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အယုံအကြည်မရှိတော့ဘူးလို့ စစ်ကိုင်းဒေသခံ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ခေါင်းဆောင်   ဗိုလ်နဂါးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု အပြီးမှာ ကလေးသူငယ်တွေအပေါ် စစ်ကောင်စီကကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမတွေ့ရဘဲ ကြေညာချက်တွေသာ ထုတ်ပြန်နေတဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။ 

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ ပြည်သူ စုစုပေါင်း ၁၃ ယောက် ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၁ ယောက်ကို စစ်တပ်က ခေါ်ဆောင်သွားပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပြီးမှာတော့ ကြေညာချက်တွေသာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လျစ်လျူရှုနေလို့ မရတော့ဘဲ နိုင်ငံတကာက ပြည်သူတွေရဲ့ မေးခွန်းထုတ်တာကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်နာ နာဒါအယ်လ်နာရှစ်ဖ်က မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ကပ်ဘေးကို ရပ်တန့်ဖို့နဲ့ အရေးပေါ် လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ လိုနေပြီလို့ စက်တင်ဘာ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM) ကလည်း လက်ယက်ကုန်းကျေးရွာအရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေတယ်လို့ စက်တင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အကြောင်းအမျိုးမျိုးနဲ့ လျစ်လျူရှုနိုင်ခဲ့တဲ့ နိုင်ငံတကာရဲ့ အကူအညီတွေအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ဗိုလ်နဂါးက ပြောဆိုလိုက်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက မိဘရင်ခွင်ခိုလှုံနေရဆဲ ကလေးငယ်တွေကို ကိုယ်လက်အင်္ဂါတွေ ပြန့်ကျဲသွားအောင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တာ။ ဒီ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှမဟုတ်ဘူး။ လူထုအုံကြွဆန္ဒပြစဉ် ကာလကတည်းက မိဘရင်ခွင်မှာရှိနေတဲ့ နို့စို့ကလေးလေးတွေပါ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ဒါ အားလုံးအသိပဲ။ နောက်ပြီးတော့ အမျိုးသမီးတွေကို လိင်စော်ကားတာတွေ၊ အကြမ်းဖက်တာတွေ၊ နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ လူသားမျိုးနွယ်စု တခုလုံးအပေါ် ကျူးလွန်တဲ့အပြစ်လို့ ပြောဖို့ လုံလောက်တဲ့အထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေကို အကြိမ်ကြိမ် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတယ်။ ကမ္ဘာကြီးကို မီးခိုးဖုံးလွှမ်းသွားအောင်အထိ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကမ္ဘာကြီးရဲ့ ရှေ့မှောက်မှာတင် ပြောင်ပြောင်တင်းတင်း လုပ်နေတော့တာ။ အားလုံးမှာတာဝန်ရှိတယ်။ တာဝန်ရှိတာချင်းအတူတူ လျစ်လျူရှုနိုင်တဲ့သူတွေတော့ ရှိတာပေါ့ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ကန့်ကွက်ရှုတ်ချရုံလောက်နဲ့ ပြီးနေတဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေကို ကျ‌‌နော်တို့ မျှော်လင့်တော့ မျှော်လင့်ပေါ့ဗျာ။ ဒါပေမဲ့ အပြည့်အဝ မျှော်လင့်မထားနဲ့။ ဒီလိုပြဿနာမျိုးတွေ ဒီလိုအကြမ်းဖက်မှုမျိုးတွေအောက်က လွတ်မြောက်အောင် ကျနော်တို့ကိုယ်တိုင်ပဲ ကြိုးစားရမယ်ဆိုတာ ကျနော်တို့ပြည်သူတွေ ပိုပြီးသိသင့်ပြီ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဆိုးရွားလာရာကနေ ထိတ်လန့်ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေပြီလို့ စက်တင်ဘာ ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ချင်း စတဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားနေအိမ် စုစုပေါင်း ၃၀,၀၀၀ လောက်ဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာလည်း လူမှုကူညီရေး လုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ထားတာကြောင့် ပြည်သူတွေဟာ အငတ်ဘေးကြုံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်တပ်က ကလေးသူငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လုံးဝမကျေနပ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး‌ ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာ ၂၆ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သိသိချင်းပဲ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မြန်မာလိုရော ဂျပန်လိုရော တရုတ်လိုရော အင်္ဂလိပ်လိုရော ကိုရီးယားလိုရော တကမ္ဘာလုံးကို ဖြန့်ပါတယ်။ UNGA ကိုပို့ပါတယ်။ လူ့အခွင့်အရေးကောင်စီကို ပို့ပါတယ်။ တောက်လျှောက် သတင်းတွေပေးပြီး လုပ်နေတဲ့အတွက် အားလုံးသိပါလိမ့်မယ်။ နိုင်ငံတကာက ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျနော် အသေးစိတ် ပြောစရာမလိုပါဘူး။ သတင်းဌာနတွေ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ကျနော်တို့ လုံးဝမကျေနပ်နိုင်ပါဘူး။ ကျနော်တို့ကလေးတွေရဲ့ အသက်ဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ နိုင်ငံတကာကိုလည်း အသိပေးပါတယ်။ ဘာလုပ်ရမယ်ဆိုတာ နိုင်ငံတကာက အသိဆုံးဖြစ်မှာပါ။ ယူကရိန်းက မိခင်ကလေးဆေးရုံကို ဗုံးကြဲတော့ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကလေးတွေအများကြီး ရှိနေတဲ့ နေရာကို ရော့ကက်နဲ့ပစ်ခဲ့တော့ ဘယ်လိုမျိုးတုံ့ပြန်ခဲ့တယ်ဆိုတဲ့ တုံ့ပြန်မှုမျိုးကို ကျနော်တို့ လိုချင်ပါတယ်လို့ တကမ္ဘာလုံးကို ကျနော်တို့ အသိပေးပါတယ်။”

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လျစ်လျူရှုခဲ့တဲ့ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် ကလေးသူငယ်အရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံအတွင်း တည်ရှိခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်မဲ့သူတွေဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်က ဝေဖန်လိုက်ပါတယ်။ လက်ယက်ကုန်း စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ လုံလောက်တဲ့သက်သေတွေ ရှိတဲ့အတွက် မဖြစ်မနေ အရေးယူပေးဖို့လည်း သူက တိုက်တွန်းပါတယ်။

“ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်တာ။ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ ကျနော်တို့ ယဉ်ကျေးတဲ့ကမ္ဘာမှာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ ဖြစ်ရပ်မျိုး မဟုတ်ဘူးပေါ့နော်။ အဲ့ဒီအတွက် ကလေးသူငယ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Save the Children တို့ UNICEF တို့ ကုလသမဂ္ဂတို့က နေပြီးတော့ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပြီးတော့ အရေးယူမှုရှိအောင် တာဝန်ယူမှု တာဝန်ခံမှုရှိအောင်၊ သူတို့လုပ်ရမယ့် တာဝန်တွေထဲမှာ ပါတဲ့အတွက်ကြောင့် မဖြစ်မနေလုပ်ဖို့အတွက် ကျနော်တို့က မျှော်လင့်ပါတယ်။ အဲ့လိုမျိုး မလုပ်ဘူးဆိုရင်တော့ အဲ့ဒီလိုအဖွဲ့တွေရဲ့ ကျနော်တို့နိုင်ငံအတွင်းမှာ တည်ရှိမှုကို ကျနော်တို့ပြည်သူတွေကတော့ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လိုပါတယ်။”

လက်ယက်ကုန်းရွာမှာ ကျောင်းသားကလေးငယ်တွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ရော မြေပြင်ကပါ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ် အာဆီယံအဖွဲ့ကြီးကလည်း  အသံတိတ်နေတာ တွေ့ရပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတဝန်းမှာ လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း ကလေးငယ် ၁၈၈ ယောက် အပါအဝင် အနည်းဆုံး ပြည်သူ ၂,၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က အတည်ပြုထားပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုအောက်မှာ အသက်ရှင်လျက် မီးရှို့ခံရသူနဲ့ သတ်ဖြတ်ပြီးမှ မီးရှို့ဖျက်ဆီးခံရသူ စုစုပေါင်း ၁၁၁ ဦးရဲ့ မှတ်တမ်းတွေလည်း ရှိထားပါတယ်။ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သက်သေဖျောက်ဖျက်ချင်လို့ မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ပါဝင်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၂၇ ရက်နေ့ ပါတီထူထောင်ခြင်း ၃၄ နှစ်ပြည့် ကြေညာချက်မှာ ဖော်ပြတိုက်တွန်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024