Live
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ
DVB
·
September 29, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောပါတယ်။

ဒေးဗရိန်းကျေးရွာ လက်ဖက်ရည်ဆိုင်မှာ အဖော်တယောက်နဲ့အတူ ထိုင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို သထုံ(ပကဖ) တပ်ဖွဲ့ဝင် သုံးယောက်က မလှုပ်ဖို့ သတိပေးပြီးနောက် ပြန်လည်ခုခံဖို့ ကြိုးစားခဲ့တဲ့အတွက် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်တာမှာ အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းဟာ ညပိုင်းတွေမှာ သေနတ်ပစ်ဖောက်တာ၊ ဒေသခံရွာသားတွေကို အကျပ်ကိုင်တာ၊ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ တွေကြောင့် တနှစ်နီးပါးကြာ အချိန်ယူပြီးနောက် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ သထုံ(ပကဖ) တာဝန်ခံက ပြောပါတယ်။

သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းထံကနေ ပစ္စတိုသေနတ်တလက်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စာရင်းတွေ၊ ဖုန်းနဲ့ စာရွက်စာတမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် လက်ဖက်ရည်ဆိုင်မှာ ရှိနေတဲ့ ပြည်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် ဝန်ချတောင်းပန်ခဲ့သလို စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ပြည်သူဘက်မှာ ရပ်တည်ပေးဖို့ ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသတင်းပေး ဒလန်တွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို တော်လှန်ရေး အင်အားစုတွေက မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024