တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၇ ရက်က လယ်သစ်မြစ်ဝမှာ ဖမ်းဆီးရမိတဲ့ WY မြင်းဆေးပြား ၆၀၀ ကျော်နဲ့ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာတဲ့စက်လှေမှာ ဖမ်းဆီးရမိတဲ့ ဘိန်းစာမှုန့်အထုပ် ၂,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တနင်္သာရီပြောက်ကျားအဖွဲ့ တာဝန်ရှိသူတယောက်က “လောလောဆယ် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ မဖြန့်ဖြူးစေချင်တာပါ။ နောက်ပြီး ပပျောက်စေချင်တာပါ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူနှစ်ယောက်ကို ဖမ်းဆီးထားပေမဲ့ မကြာခင် ပြန်လွှတ်ပေးမှာဖြစ်ပြီး လက်ဝယ်တွေ့ရှိတာတွေကိုတော့ သိမ်းဆည်းသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း စရဖနဲ့ ရဲတို့ ခွင့်ပြုချက်လက်မှတ်နဲ့ စက်လှေနဲ့တင်ဆောင်လာတဲ့ ဘိန်းထုပ် ၁၂,၀၀၀ ကျော်ကို တနင်္သာရီကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။