Home
မြန်မာသတင်း
ဂျပန်လှူဒါန်းငွေဖြင့် ဆောက်လုပ်နေသည့် မောင်တောဆေးရုံပြင်ပလူနာဆောင် အချိန်မီ မပြီးစီး
DVB
·
September 29, 2022

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်နေတဲ့ အရေးပေါ် ပြင်ပလူနာဌာနအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၁၉၈,၃၀၂ လှူဒါန်းမှုနဲ့ ဆောက်လုပ်နေတဲ့ ပြင်ပလူနာဆောင် ပြီးစီးအပ်နှံရမယ့်အချိန်ထက် တနှစ်ကျော်ကြာအထိ မပြီးနိုင်သေးဘူးလို့ ခရိုင်ကျန်းမာရေးကော်မတီဝင်တွေဆီက သိရပါတယ်။

မောင်တောခရိုင် ကျန်းမာရေးကော်မတီဝင် ဦးလှမြင့်က “ကုမ္ပဏီက ဆောက်လုပ်အပ်နှံရမယ့် နေ့ထက် တနှစ်တောင်ကျော်လာပြီ မပြီးနိုင်သေးဘူး။ ဂျပန်သံရုံးကိုလည်း အကြိမ်ကြိမ် စာတင်ပြီး အကြောင်းကြားတယ်။ သူတို့ ဂျပန်မူဝါဒအရ ကုမ္ပဏီကို တရားစွဲလို့မရဘူးလို့ ပြောတယ်။ ဂျပန်အစိုးရကလည်း ကုန်ငွေ ၈၀ ရာခိုင်နှုန်းအထိ ပေးပြီးသွားပြီ” လို့ ပြောပါတယ်။

အဆိုပါ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်ဌာနကို ‘သီတာရေစင်’ ဆောက်လုပ်ရေးကုမ္ပဏီက ကြိုတင်ရငွေ ၈၀ ရာခိုင်နှုန်းနဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးအပ်နှံရမယ့် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်မှာ မပြီးခဲ့သလို ဒီနေ့အထိလည်း မပြီးစီးသေးပါဘူး။

အဲဒီ အရေးပေါ်ပြင်ပလူနာ စောင့်ကြည့်ရေးဌာန ဆောက်လုပ်နေတာ အချိန်ကြန့်ကြာနေတာ​ကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန OPT အတွက် အခက်တွေ့နေကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသိစံက ပြောပါတယ်။

“အရေးပေါ်နဲ့ ပြင်ပလူနာဌာန ဆောက်လုပ်တာ ၂ နှစ်ကျော် ၃ နှစ် ပြည်တော့မယ်။ အခုထိ မပြီးနိုင်တော့ ဆေးရုံအနေနဲ့ ပြင်ပလူနာဌာန OPT ကို သတ်သတ်မှတ်မှတ် စနစ်တကျ မထားနိုင်ဘူး ဖြစ်နေတယ်။ ဆောက်လုပ်ပြီးစီးရမယ့် သက်တမ်းကျော်သွားတာလည်း ၂ နှစ်ပြည့်တော့မယ်။ အခုထိ ၅၀ ရာခိုင်နှုန်း‌လောက်သာ ပြီးနိုင်သေးတယ်။”

လက်ရှိမှာ ‘သီတာရေစင်’ ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာအပြီး ဆောက်လုပ်ပေးဖို့ ဂျပန်သံရုံးထံ သက်တမ်းတိုး အသနားခံစာ တင်ပြထားကြောင်း မောင်တောခရိုင် ကျန်းမာရေးကော်မတီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024