စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စက်တင်ဘာ ၂၈ ရက် မနက် ၁၁ နာရီကျော်လောက်က ဒေသခံတွေရဲ့ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေဟာ အင်းတော်-ဗန်းမောက် ကားလမ်းမကြီးဘေးမှာရှိတဲ့ အောင်းကုန်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက တနေ့တည်း ၂ ကြိမ် မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပထမအကြိမ် မီးရှို့မှုမှာ ဦးနွားမောင်၊ ဦးစောအောင်၊ ဦးဟန်ထွေးတို့ ပိုင်ဆိုင်တဲ့ နေအိမ် ၃ လုံး ဖြစ်တယ်လို့ သိရပြီး နေ့လယ် ၁ နာရီကျော် မီးရှို့မှုမှာတော့ ဒေသခံ ၄ ယောက် ပိုင်ဆိုင်တဲ့ နေအိမ် ၄ လုံး ထပ်မံမီးလောင်ကျွမ်းခံခဲ့ရကာ စစ်ကောင်တပ်ရဲ့ မီးရှို့မှုကြောင့် စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလို ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်းတော်ဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို အခုလို မီးရှို့တာနဲ့ပတ်သက်ပြီး အိမ်တံခါးတွေကို ပိတ်ထားတာကြောင့် မီးရှို့ရတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့် ပြောနေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီကျော်ထိ အင်းတော်မြို့နယ်အတွင်းမှာပဲ ရှိနေသေးပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာဟာလည်း နှစ်ဖက်တိုက်ပွဲမရှိဘဲ တမင်တကာ မီးရှို့ခဲ့တာဖြစ်ကြောင်း၊ အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ အနောက်ဘက်အရပ်ကို ဦးတည်သွားနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ ဒေသခံ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။