
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဝင်ရောက်ပြီး လူနေအိမ်တွေကိုမီးရှို့သလို ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၅ နာရီခွဲကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး လူနေအိမ် ၄ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ အိမ်တွေထဲ ဝင်ရောက်မွှေနှောက် ပစ္စည်းတွေခိုးယူကြပြီး နေ့လယ်ပိုင်းမှာ ဒေသခံရွာသား ၃၀ ထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ပြီး ထီးလင်းမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တချို့တွေကို ထီးလင်းမြို့ပေါ်သွားတဲ့ လမ်းတချို့တဝက်မှာ လွှတ်ပေးတယ်။ တချို့ကို ထီးလင်းမြို့ပေါ် ရောက်မှ လွှတ်ပေးတယ်။ ကလေး ၃ ယောက်အပါအဝင် ဒေသခံ ၉ ယောက် ကျန်နေသေးတယ်။ ဖမ်းဆီးခံရသူတွေကို ထီးမြို့နယ်ထွေအုပ်ရုံးထဲမှာ ဖမ်းဆီးထားတယ် လို့သိရတယ်။ လက်ရှိအချိန်ထိတော့ အဆက်အသွယ်မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
၉ တန်းကျောင်းသားတွေဖြစ်တဲ့ မောင်မင်းသက်ပိုင်၊ မောင်သူရပိုင်နဲ့ မောင်ကျော်လင်းနိုင်၊ ဒေသခံတွေဖြစ်တဲ့ ဦးမောင်ကြိုင်၊ ဦးမဲပို၊ ဦးဇော်သန်း၊ ဦးတုတ်ကြီးတို့အပါအဝင် ၉ ယောက်ကို ဆက်လက်ဖမ်းဆီးထားတုန်းပဲလို့လည်း သိရပါတယ်။
ပုဏ္ဏားကျေးရွာမှာ အိမ်ခြေ ၇၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင်နေထိုင်တယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၅၀ ဝန်းကျင်မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာလည်း ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။