အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အထွက် ၃ မိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ PDF တမူးတပ်ရင်း-၄ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၃ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“တမူးဘက်ကနေ ကလေးမြို့ကိုအထွက် တမူးမြို့ပြင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုမရှိဘူး”
စက်တင်ဘာ ၂၆ ရက်ကလည်း တမူးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တမူး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးခဲ့ပါသေးတယ်။
အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ နိုင်ရာဘက်က ဝိုင်းဝန်းကူညီကြဖို့လည်း တမူး PDF က မေတ္တာရပ်ခံထားပါတယ်။
တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏရှိပြီး စစ်ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၆ လကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။
တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက်မနည်း ရှိလာကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေလည်း ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။