
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၂၇ ရက် မနက်က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီစစ်ယာဉ်တန်းဟာ မန္တလေး-မုံရွာ လမ်းပိုင်းမှာ စက်တင်ဘာ ၂၆ ရက်က မိုင်းထိပျက်စီးပြီး ကျန်ရစ်ခဲ့တဲ့ ကား ၂ စီးကို မုံရွာမြို့ဘက် ပြန်လည်ဆွဲယူလာတာဖြစ်ပြီး မုံရွာနဲ့ ချောင်းဦးကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ People's Defence Force - South Monywa မှ တာဝန်ရှိသူက “ပျက်စီးလို့ ဆွဲလာတဲ့ ကားနှစ်စင်း အပါအဝင် စစ်ယာဉ်တန်းမှာ စုစုပေါင်း ၆ စင်း မောင်းလာတာ။ ပဒေသာမိုင်းနဲ့ ပထမအကြိမ် တိုက်ခိုက်တာ ၃ စင်းမြောက်နဲ့ ၅ စင်းမြောက်ကားတွေကို အတိအကျ ထိမှန်ပါတယ်။ အဲ့ဒီမှာ သူတို့ဘက်က RPG တလုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ရမ်းပစ်ပြီး မောင်းပြေးသွားတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တချို့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ကလွဲရင် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မောင်းပြေးသွားတဲ့ အဲ့ဒီစစ်ယာဉ်တန်းကို ၁၅ မိနစ်လောက်အကြာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ၆ စီးမြောက်ကား ကိုယ်ထည်ကို ထိမှန်ခဲ့တဲ့အပြင် ကားမှန်တွေလည်း ပျက်စီးသွားပြီး အချိန်အတန်ကြာ ထိုးရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ရှေ့ယာဥ်တန်းမှာ မောင်းသွားတဲ့ စစ်ကားတစီးက ပြန်လှည့်ကာ မိုင်းထိသွားတဲ့ ကားကို ဆွဲယူသွားတယ်လို့ သိရပါတယ်။
ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ၇ ယောက် သေဆုံးသွားတဲ့အပြင် ဒဏ်ရာရသူလည်း များပြားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို People's Defence Force - South Monywa၊ Monywa Ranger Group/Truth Army နဲ့ Farmers Revolution Force တို့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ မိုင်းထိမှန်ပျက်စီးသွားတဲ့ စစ်ကားကို ပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချောင်းဦးဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့အတူ ကျည်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။